စျေးကွက်အတွင်း ၀ယ်လိုအား နည်းပါးလာ၍ သံသေတ္တာ လုပ်ငန်းများ မြိတ်မြို့တွင် လုပ်ကိုင်သူတွေ နည်းပါးလာ

စျေးကွက်အတွင်း ၀ယ်လိုအား နည်းပါးလာ၍ သံသေတ္တာ လုပ်ငန်းများ မြိတ်မြို့တွင် လုပ်ကိုင်သူတွေ နည်းပါးလာ

မြိတ် ။                 ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ မြိတ်ဒေသမှာ လက်မှု လုပ်ငန်း တစ်ခုဖြစ်သော စက်သုံးဆီ ပီပါများကို ထုရိုက်ပြီး ပြုလုပ်ရတဲ့ သံသေတ္တာ လုပ်ငန်းများမှာ လက်ရှိမှာတော့ ကုန်ကြမ်း ရှားပါးမှုနှင့် ဈေးကွက်ထဲမှာ အရပ်ဖက်က အသုံးပြုမှုတွေ နည်းပါး လာတာကြောင့် တစ်ပိုင်တစ်နိုင် မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်သူတွေ ရေရှည် ရပ်တည်ဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

မြိတ်ဒေသမှာ သံသေတ္တာ လုပ်ငန်းနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၅ နှစ် ဝန်ကျင်းက မြိတ်မြို့မှာ တစ်နိုင်တပိုင် မိသားစု လုပ်ငန်းအဖြစ် လုပ်ကိုင်သူတွေ ၇ ဆိုင်လောက်အထိ ရှိခဲ့ရာမှ လက်ရှိမှာတော့ ခေတ်ကာလနဲ့အညီ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာတဲ့ ပလတ်စတစ်ဗူး (ကော်ပုံး) များနှင့် အလူမီနီယံဘီဒိုများ များကြောင့်  သံသေတ္တာ လုပ်ငန်းတွေကို ၅၀ % အထိ ရိုက်ခတ်မှုတွေ ရှိလာကာ ဈေးကွက်တွေ ပျက်လာပြီး ရေရှည်မှာ ရပ်တည်ဖို့ အခက်အခဲတွေ အများကြီး ရှိလာကြောင်း၊ တချို့ဆိုရင် လုပ်ငန်းတွေ ရပ်တန့်လိုက်ရတဲ့ အထိ ရင်ဆိုင် နေရတယ်လို့ ဒီလုပ်ငန်းကို လုပ်ကိုင်သူတွေက ငြီးတွားနေခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ဝန်းကျင်က မြိတ်မြို့မှာ သံသေတ္တာလုပ်ငန်း လုပ်ကိုင်သူတွေဟာ အများစုက အဆင်ပြေကြသလို့ မိသားစုဝင်ငွေများလည်း ရရှိနေပြီး၊ အလုပ်သမားတွေကိုလည်း   ခေါ်ယူခိုင်းရတယ်လို့ သိရ ပါတယ်။

အခုချိန်မှာတော့ သံသေတ္တာ လုပ်ငန်းဟာ မြိတ်မြို့မှာ တိမ်ကောစ မပြုသေးသော်လည်း ဒီလုပ်ငန်းကို လုပ်ကိုင်သူတွေ ယခင်ကထက် သိသိသာသာကြီး လျှော့နည်းလာကြောင်း သိရပြီး အခုဆိုရင် ၂ ဆိုင်လောက်ပဲ လုပ်ကိုင်သူတွေ ကျန်တော့တယ်လို့ သိရပါတယ်။

သံသေတ္တာ လုပ်ငန်းနဲ့ ပတ်သက်ပြီး၊ လုပ်ငန်း ကျွမ်းကျင်မှုနဲ့ လုပ်ရသလို မြိတ်မြို့မှာ ဒေသခံ မဟုတ်တဲ့ အခြား အထက် မြန်မာပြည်မှ အခြေချ ပြောင်းရွေ့လာတဲ့သူတွေကသာ လာရောက် လုပ်ကိုင်လေ့ရှိပြီး၊ မြိတ်မြို့က ဒေသခံ ပြည်သူ တွေကတော့ စိတ်ဝင်စားမှု နည်းပါးကာ လေ့လာ သင်ယူမှုတွေလည်း မရှိကြဘူးလို့ သံသေတ္တာ လုပ်ငန်းကို လုပ်ကိုင်သူတွေက ပြောပါတယ်။

သံသေတ္တာလုပ်ငန်းဟာ တစ်ချိန်က အရပ်ဘက်က ဝယ်လက်တွေ၊ ကျောင်းသူ/ သားတွေ၊ နယ်ပြောင်း နိုင်ငံ ဝန်ထမ်းတွေနှင့် တပ်မတော် မိသားစုတွေကို မှီခို အားကိုးပြီး ပီပါဘူးကို ထုရိုက်ပြီး လုပ်ရတာဖြစ်ကာ  လုပ်ငန်း အထိုက်အလျှောက် အောင်မြင်ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သံသေတ္တာ လုပ်ငန်းများကို မြိတ်မြို့မှာ အရပ်ဖက်က ပြည်သူတွေ အသုံးပြုမှု လျှော့ချလိုက်ပြီး နောက် ဈေးကွက်ထဲမှာ အနည်းနဲ့အများ ဂယက် ရိုက်ခတ်မှုတွေ ရှိလာပြီး၊ တပ်မတော် မိသားစုနှင့် တစ်နှစ် တစ်ကြိမ် ပြုလုပ်တဲ့ နိုင်ငံတော်မှ စာစစ်ဌာနများတွင် မေးခွန်းတွေ ထည့်ဖို့ အသုံးပြုရန် အော်ဒါပေး ခိုင်းတဲ့ အလုပ်ကိုပဲ၊ အပ်နှံတဲ့ ဈေးကွက်ကို မျှော်လင့် မှီခိုနေရပါတယ်။

မြန်မာနိုင်ငံအတွင်း မြို့နယ် အသီးသီးမှာ ဒေသအလိုက် တီထွင်မှုရိုးရာလုပ်ငန်းများ၊ လူ အသုံးဆောင် ပစ္စည်းများနှင့် လက်မှုလုပ်ငန်းတွေ အများစု ရှိကြပြီး၊ တချို့ လက်မှု လုပ်ငန်းတွေဟာ ခေတ်နဲ့ မကိုက်ညီမှု တွေကြောင့် ရပ်နားလိုက်ရတဲ့ လုပ်ငန်းတွေလည်း အများကြီး ရှိကြပါတယ်။

မြိတ်မြို့မှာ သံသေတ္တာ လုပ်ငန်းများကို  တစ်ပိုင်တစ်နိုင် မိသားစု လက်ငုတ် လက်ရင်း အလုပ် ၂  ခုသာ ကျန်ရှိ နေပြီး ဒီ အလုပ်ရုံ ၂ ခု ဟာလည်း မြိတ်မြို့နယ်၊ စန္ဒာဝတ်ကျေးရွာအုပ်စု၊ တပ်မတော် တိုင်းစစ်ဌာနချုပ် အနီး ရွှေပေးကျေးရွာမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ပုံစုံ အမျိုးမျိုး ထွက်ရှိလာတဲ့ ပလတ်စတစ်ဗူး (ကော်ဘူး) များနှင့် အလွယ်တကူ သယ်ယူဖြုတ်တပ်လို့ရတဲ့ ဘီဒိုတွေဟာ ပေါ့လာတဲ့အလျှောက် သံသေတ္တာလုပ်ငန်းကို ထိခိုက်မှုတွေ ရှိနေပြီး၊ လက်ရှိတွင် ကုန်ကြမ်း ဖြစ်တဲ့ စက်သုံးဆီ ပီပါတွေလည်း ရှားပါးလာနေပြီ ဖြစ်ပါတယ်။ သံသေတ္တာလုပ်ငန်း လုပ်ကိုင်နေတဲ့ မိသားစုတွေ တစ်နိုင်တပိုင် အဆင်ပြေရုံလောက်နဲ့ လည်ပတ်နေရတယ်လို့ သိရပါတယ်။

သံသေတ္တာ တစ်လုံးကို ရောင်းတန်း အဖြစ် အရွယ်အစား (၃) မျိုး ရှိကြောင်း၊ အကြီးဆုံး အရွယ် ၃၄ လက်မ အရွယ်ကို (၂၂၀၀၀) ကျပ်၊ နောက် သင်တန်းသွား တပ်မတော် စစ်သည်တွေ သုံးတဲ့ (၂ ပေခွဲ လက်မ ၃၀) ဆိုရင် (၁၆၀၀၀) ကျပ်နှင့် အငယ်ဆုံး (၂၇) လက်မ ဆိုရင် (၁၂၀၀၀) ကျပ် ဈေး ရှိကြပါတယ်။

မြိတ်ဒေသမှာ သံသေတ္တာ လုပ်ငန်းကို လုပ်ကိုင်သူတွေဟာ ရေရှည်မှာ ကုန်းကြမ်း ရှားပါးမှုနှင့် ဈေးကွက်တွေ ထပ်မံ ထိခိုက်မှုတွေ ရှိလာခဲ့ရင် အခြား လုပ်ငန်း တစ်ခုခု ပြောင်းလွှဲ လုပ်ကိုင်ဖို့ စိတ်ကူး ရှိနေသလို မိဘတွေ ရဲ့ လက်ငုတ်လက်ရင်းအလုပ်ဖြစ်လို့ မပျောက်ပျက်အောင် ကြိုးစားပြီး ထိမ်းသိမ်း လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားတယ်လို့ လူငယ် မျိုးဆက် သံသေတ္တာ လုပ်ငန်း လုပ်ကိုင်သူတွေက ပြောကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly