အလုပ်အကိုင် (၂)သန်းနီးပါး ဖန်တီးပေးနိုင်မည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီကို ရန်ကုန်အစိုးရတည်ထောင်

အလုပ်အကိုင် (၂)သန်းနီးပါး ဖန်တီးပေးနိုင်မည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီကို ရန်ကုန်အစိုးရတည်ထောင်

စင်္ကာနိုင်ငံ၏ နှစ်ဆအကျယ်အဝန်းရှိကာ အလုပ်အကိုင် (၂)သန်းနီးပါး ဖန်တီးပေးနိုင်မည့် ရန်ကုန်မြို့သစ်ကို တည်ဆောက်ရန် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC)အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တည်ထောင်လိုက်သည်။

မတ်လ ၃၁ ရက်က Lotte Hotel တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြစ်အနောက်ကမ်းရှိ မြေပေါ်တွင် တည်ဆောက်သွားမည့် ယင်းမြို့သစ်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  မိတ်ဆက်ပြောကြားခဲ့ခြင်းဖြစ်သည်။

" ရန်ကုန်မြို့သစ်သည် အလုပ်အကိုင် (၂)သန်း ဖန်တီးပေးပြီး ဒေသခံစီးပွားရေးလုပ်ငန်းများကို ထောက်ကူပေးခြင်း နှင့် နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများကိုလည်း ဆွဲဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း။ ဒီစီမံကိန်းမှ ကမ္ဘာ့အဆင့်မီ ရေရှည်တည်တံ၍ စိတ်ချရသော အခြေခံအဆောက်အဦနှင့် လူတန်းစားအားလုံးအတွက် တန်ဖိုးသင့်နေထိုင်စရာ များလည်း ပါဝင်မှာဖြစ်ပါတယ်"  ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်မြို့သစ် တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံ လုပ်ငန်းအတွက် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကျော်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ယင်းလုပ်ငန်းများတွင် ရွာ၊ မြို့ (၅)ခု၊ တံတား (၂)စင်း၊ ၂၆ ကီလိုမီတာ အရှည်ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးအဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ် စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

NYDC ၏ ဒုတိယဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Mr. Serge Punက " အလုပ်အကိုင်အခွင့်အလမ်းအသစ်များကြောင့် ကြီးမားလှတဲ့ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများစွာရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မြေယာခန့်ခွဲမှု စနစ်၊ အလုပ်သမားမူဝါဒ၊ ပညာရေးမူဝါဒ၊ အစိုးရ၏ အုပ်ချုပ်ရေး လုပ်ထုံးလုပ်ငန်းအဆင့်ဆင့်နှင့် ဆက်စပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို အစိုးရနှင့် အနီးကပ်စွာ လုပ်ဆောင်သွားရန် မျှော်လင့်ထားတဲ့အပြင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ၊ မိတ်ဖက်များနှင့်လည်း လုပ်ငန်းတွေ အတူတူလုပ်ဆောင်သွားဖို့ မျှော်မှန်းပါတယ်"   ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရာနှုန်းပြည့်ပိုင်ဆိုင်သည့် NYDC အား အထူးကုမ္ပဏီများအက်ဥပဒေဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags