ရန်ကုန်မြို့သစ်အတွက် တည်ငြိမ်ကောင်းမွန်တဲ့ လျှပ်စစ်ရရှိရန် စီစဉ်နေ

ရန်ကုန်မြို့သစ်အတွက် တည်ငြိမ်ကောင်းမွန်တဲ့ လျှပ်စစ်ရရှိရန် စီစဉ်နေ

ရန်ကုန်၊ မတ် ၃၁ ။          ။ ဧကနှစ်ထောင်ကျော်ကျယ်ဝန်းမည့် ရန်ကုန်မြို့သစ်အတွက် တည်ငြိမ်ပြီးကောင်းမွန်သည့် လျှပ်စစ်ရရှိစေရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ပိုင် ရန်ကုန်မြို့သစ်ဖွံ့ဇြိုးရေးကုမ္ပဏီလီမိတက်ကို ဖွဲ့စည်းကြောင်းနှင့် ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်းကို မတ်လ ၃၁ရက်နေ့တွင် LOTTE ဟိုတယ်၌ မိတ်ဆက်ပေးရှင်းလင်းခဲ့သည်။

အဆိုပါ ရန်ကုန်မြို့သစ်တွင် ရွာမြို့နယ် ၅ခု တံတား၂စင်း စက်မှုဇုံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြုးရေးအဆောက်အအုံနှင့် ထုတ်လုပ်မှုစက်ရုံ၊ ရေသန့်နှင့်ရေဆိုးထုတ်စက်ရုံများ ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး လျှပ်စစ်လိုအပ်ချက်အတွက်ကိုမူ လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးနှင့် ဆွေးနွေးဆောင်ရွက်မည်ဖြစ်သည်။

“ဝန်ကြီးချုပ်နဲ့ လျှပ်စစ်ဝန်ကြီးနဲ့ အန်ကယ် Serge တို့နဲ့ဆွေးနွေးပြီးတော့ ကျွန်မတို့အနေနဲ့ မြို့သစ်အတွက်လျှပ်စစ်ကို လုံလုံလောက်လောက်နဲ့ လုံလုံလောက်လောက်အပြင်ကို ကျွန်မတို့အနေနဲ့ တည်ငြိမ်တဲ့ ကောင်းမွန်တဲ့လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးအတွက်ကို အစီစဉ်တွေလည်းရေးဆွဲဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒေါ်နီလာကျော်က ပြောသည်။

အစီစဉ်များ ရေးဆွဲပြီး၍ တိတိကျကျထွက်လာပါက တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ မတ်လ ၂၈ရက်နေ့အထိ စာရင်းများအရ တစ်နိုင်ငံလုံးအတွက် အမြင့်ဆုံးဓာတ်အားထုတ်လုပ်မှု (၃၂၆၈.၃) မဂ္ဂါဝပ် ဟုဖော်ပြထားသည်။ ၂၀၁၇ခုနှစ် ဧပြီလ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွက် လျှပ်စစ်ဓာတ်အား (၁၂၂၅) မဂ္ဂါဝပ် သုံးစွဲနေရသည်။

မြို့အသစ်အတွက် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) အပြင် မဟာဓာတ်အားလိုင်းဖြင့်ပါ ရယူသုံးစွဲသွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပြောသည်။

“လျှပ်စစ်မီးနဲ့ပတ်သတ်ရင် လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က တာဝန်ခံပါတယ်။ YESC မှာ လက်ရှိလည်ပတ်နေတဲ့အခြေအနေရှိပေမယ့် အခုနောက်ထပ်ထုတ်လုပ်မယ့်လျှပ်စစ်ဟာ မဂ္ဂါဝပ်နှစ်ထောင်ကျော်လောက်ရှိပါတယ် ။ အဲဒီနှစ်ထောင်ကျော်လောက်ကို အများဆုံးသုံးစွဲမယ့်နေရာက ရန်ကုန်ပဲဖြစ်ပါတယ် ။ ဒါ TOTAL(စွမ်းအင်ကုမ္ပဏီ) ကလုပ်မယ်အစီစဉ်တစ်ခုရှိပါတယ်။  YESC နဲ့တော့မဆိုင်ပါဘူး။  ပြည်ထောင်စုဝန်ကြီးဌာနနဲ့ TOTAL ကနေပြီးတော့ ထိုင်းကိုရောင်းနေတဲ့လျှပ်စစ်ကို တနင်္သာရီကနေရန်ကုန်အထိ မဟာဓာတ်အားလိုင်းနဲ့လာဖို့ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့အပြင် ၎င်းဓာတ်အားလိုင်းတစ်လျှောက်ရှိမြို့များမှ ဓာတ်အားရယူသုံးစွဲမည်ဆိုပါကလည်း ဓာတ်အားတစ်ဝက်ခန့်မှာ ရန်ကုန်အတွက် သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းကပြောသည်။

ရန်ကုန်မြို့၏လူဦးရေသည် လာမည့်(၁၀)နှစ်တွင် (၁၀)သန်းအထိရောက်ရှိလာမည်ဟုခန့်မှန်းထားကြောင်း ၎င်းတို့ကုမ္ပဏီ၏ထုတ်ပြန်စာတွင် ဖော်ပြထားသည်။ ထို့အပြင် တိုးတက်လာမည့်လူဦးရေနှင့် အလုပ်အကိုင်သစ်နှစ်သန်းရရှိရေးအတွက် ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားလိုအပ်ချက်အနေဖြင့် ၂၀၁၉-၂၀၁၉ခုနှစ်အတွက် ၃၆၉၉ မဂ္ဂါဝပ်ရှိနေပြီး ၂၀၁၉-၂၀၂၀ခုနှစ်အတွက် ၄၂၉၁ မဂ္ဂါဝပ်၊ ၂၀၂၀-၂၀၂၁ခုနှစ်အတွက် ၄၉၇၈ မဂ္ဂါဝပ်၊ ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ၅၇၄၄ မဂ္ဂါဝပ် ရှိမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ၂၀၁၈ခုနှစ် ဇန်နဝါရီလ၌ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly