ဒုက္ခသည်ပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ်တွင် UN ကိုပါ၀င်ခွင့်ပြုမည်

ဒုက္ခသည်ပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ်တွင် UN ကိုပါ၀င်ခွင့်ပြုမည်
ဓာတ်ပုံ-AFP
 

ရန်ကုန်၊ မတ် ၃၁ ။               ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်တွင် ကူညီပံ့ပိုးရေးများ လုပ်ဆောင်နိုင်ရန်အတွက် ကုလသမဂ္ဂ (UN) ကို ပါဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာအစိုးရဘက်မှပြောဆိုလိုက်သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ( UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည် ဆိုင်ရာအေဂျင်စီ ( UNHCR ) တို့ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်တွင် မြန်မာအစိုးရကို ကူညီပံ့ပိုးသွားနိုင်ရန်ဆွေးနွေးနေကြောင်း    နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောသည်။

“ ပြန်လည်ပို့ဆောင်ရေး၊ ပြန်လည်နေရာချထားရေးအပြင် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအားလုံး အသက်မွေးဝမ်း ကျောင်းလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးတွင် ဝိုင်းဝန်းလုပ်ဆောင်ရန် UNHCR နှင့် UNDP တို့အနေဖြင့် အသင့်တော်ဆုံးအချိန်ဟု မိမိတို့ယူဆပါကြောင်း  “ ၎င်းကဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်က နှစ်နိုင်ငံအကြား သဘောတူညီခဲ့သော ရခိုင်ဒေသမှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အစီအစဉ်နှင့်အညီ ပြန်လည်ပို့ ဆောင် ရေး အစီအစဉ်များတွင် ပါဝင်ကူညီရန် မြန်မာအာဏာပိုင်များနှင့် နေပြည်တော်တွင် UNHCR ကိုယ်စားလှယ်နှင့် UN ဌာနေညှိနှိုင်းရေးမှူးနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

“ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်မှာ မြန်မာအစိုးရကို ကူညီ ပံ့ပိုးဖို့အတွက် UNHCR နဲ့ UNDPတို့နဲ့ ဆွေးနွေးနေပါတယ် “ ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကပြောသည်။

လတ်တလော အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် Red Cross Movement, AHA Centre, Philippines Red Cross, Thai Red Cross Societies နှင့် ဒေသခံလုပ်အားပေးများမှ တစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးအပ် နေကြောင်းသိရသည်။

၂ဝ၁၇ ခုနှစ် နိုဝင်ဘာလကတည်းကပင် ရခိုင် ပြည်နယ်၌ ၎င်းတို့၏ အစားအသောက်ထောက်ပံ့သည့် လုပ်ငန်း များ ပြန်လည်စတင်ရန်WFP ကို မိမိတို့ခွင့်ပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမတည်ငြိမ်မှုများကြောင့် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးတိမ်းရှောင်သွားသူ ၅ သိန်းခန့်ရှိသည်ဟု မြန်မာအစိုးရဘက်မှပြောဆိုထားပြီး မတ်လ ၃၀ ရက်ထိပြန်ဝင်လာသူမရှိသေးပေ။

သို့သော် မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ပြုလုပ် ခဲ့သော ကတိကဝတ်များအပေါ် တာဝန်ရှိသည့် နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ  ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းများ စတင်ရန် အတွက် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကတည်းကပင် အသင့်ရှိနေခဲ့ကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags