မြန်မာနိုင်ငံက ရိုက်တာ သတင်းထောက်အမှု ဟောလီးဝုဒ်မင်းသား ဂျော့ကလူနေး၏ ဇနီးဖြစ်သူ ရှေ့နေက အမှုလိုက်ပေးမည်

မြန်မာနိုင်ငံက ရိုက်တာ သတင်းထောက်အမှု ဟောလီးဝုဒ်မင်းသား ဂျော့ကလူနေး၏ ဇနီးဖြစ်သူ ရှေ့နေက အမှုလိုက်ပေးမည်

နယူးယောက်၊ မတ် ၃၁ ။            ။ ဟောလီးဝုဒ် ထိပ်တန်းမင်းသား ဂျော့ကလူနေး၏ ဇနီးလည်းဖြစ်ပြီး ဗြိတိန်-လက်ဘနွန် လူ့အခွင့်အရေးရှေ့နေဖြစ်သူ အမ်မဲလ်ကလူနေးက မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦးအမှုတွင် လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မတ် ၂၉ ရက်တွင် ကြေညာသည်။

ကိုဝလုံး(၃၁နှစ်) နှင့် ကိုကျော်စိုးဦး(၂၇နှစ်)တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ဖမ်းဆီးခံရကာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်နိုင်သော အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂလီမွတ်စလင်(မူရင်း ရိုဟင်ဂျာဟုဖော်ပြ) ဆယ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခြင်းကို ၎င်းတို့ နှစ်ဦးက ထောက်လှမ်းသတင်းရယူနေခဲ့ခြင်း ဖြစ်သည်။

“ဝလုံးနဲ့ ကျော်စိုးဦးတို့ဟာ သတင်းလိုက်တာအတွက်နဲ့ တရားစွဲခံရတယ်။ ကျွန်မ ဒီအမှုကို ပြန်သုံးသပ်နေပါတယ်။ သူတို့နှစ်ဦးဟာ အပြစ်ကင်းတယ်လို့ ယုံတယ်။ ချက်ချင်း ပြန်လွှတ်ပေးသင့်ပါတယ်။”ဟု အမ်မဲလ်ကလူနေးက ပြောသည်။

“ခု သူတို့ အာမခံလည်း အငြင်းခံထားရပြီး ထောင်ဒဏ် ၁၄ နှစ်နဲ့ ရင်ဆိုင်နေရတယ်။ ဒီအမှုဟာ မြန်မာနိုင်ငံက တရားဥပဒေစိုးမိုးမှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့နဲ့ ပတ်သက်ပြီး မီးမောင်းထိုးပြနေတဲ့ အမှုပဲဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ရိုက်တာသတင်းထောက်နှစ်ဦးအမှုတွင်  အမ်မဲလ်ကလူနေး ပါဝင်လာခြင်းသည် ကမ္ဘာက အာရုံစိုက်မှုကို တိုးမြှင့်စေမည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ သတင်းထောက်တွေ ပြန်လွတ်မြောက်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်တယ်။ အမ်မဲလ်ကလူနေးကြောင့် ကျွန်တော်တို့အတွက် တစ်အားဖြစ်စေတာ အမှန်ပါပဲ။”ဟု ရိုက်တာအကြံပေးအရာရှိချုပ် ဂေးဂေါ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly