ဆလုံတိုင်းရင်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ရန် လက်မှုပညာ အခမဲ့သင်ကြားပေးမည်

ဆလုံတိုင်းရင်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ရန် လက်မှုပညာ အခမဲ့သင်ကြားပေးမည်
(ဓာတ်ပုံ - ဒီမိုးသွေး(မြိတ်))

ကော့သောင်း၊ မတ်လ ၃၁။             ။ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၊ မကြုံဂလပ်ကျေးရွာတွင် နေထိုင်သော ဆလုံတိုင်းရင်းသားများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ခရီးသွားကုမ္ပဏီတစ်ခုမှ လက်မှုပညာလုပ်ငန်းများကို အခမဲ့သင်ကြားပေးသွားမည်ဟု သိရသည်။

ကော့သောင်းမြို့နယ်၊ မကြုံဂလပ်ကျေးရွာတွင် နေထိုင်သည့် ဆလုံတိုင်းရင်းသား များကို ရည်ရွယ်၍ ဒေသထွက် ခရု၊ ကမာများနှင့် အခြားထွက်ကုန်များကို လက်မှုပညာဖြင့် ဖန်တီးကာ SME အသေးစားလုပ်ငန်းကို လုပ်ကိုင်တတ်အောင် အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း အဆိုပါ Tint Tint Myanmar Group of Companies မှ  တာဝန်ရှိသူ ဒေါ်တင့်တင့်လွင်က ပြောသည်။

"ကျွန်မတို့ ဒီမကြုံဂလပ်မှာ ရှိတဲ့ ဆလုံဘော်ဒါ ကျောင်းဆောင်မှာပေါ့နော်၊ ဆလုံကလေးတွေအတွက် ကျောင်းပညာတွေကို သင်ကြားပေးနိုင်သလို ဒီအပြင် အရွယ်ရောက်နေတဲ့ ဆလုံအမျိုးသမီး၊ အမျိုးသားတွေကို စက်ချုပ်သင်တန်းတွေ၊ ခရု၊ ကမာ လက်မှုပညာသင်တန်းနဲ့ ဟိုတယ်သုံး ပစ္စည်းလေးတွေကို တစ်ဦးချင်း ဝင်ငွေတွေ ရအောင် သင်ကြားပေးသွားဖို့ ရည်ရွယ်ထားပါတယ်"ဟု ဒေါ်တင့်တင့်လွင်က ပြောသည်။

အဆိုပါကုမ္ပဏီအနေဖြင့် သင်ကြားပေးမည့် လက်မှုပညာသင်တန်းမှ ထွက်ရှိလာမည့် ဆလုံတိုင်းရင်းသားများ၏ ဒေသထွက် လက်မှုပညာ ပစ္စည်းများကို အမြတ်စွန်း လုံးမယူဘဲ နိုင်ငံခြားသားများသို့ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူ ဖြစ်စေရန် ဝယ်ယူရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆလုံတိုင်းရင်းသားများအတွက် လက်မှုပညာလုပ်ငန်းသင်တန်းကို မကြုံဂလပ်ကျေးရွာရှိ ဆလုံတိုင်းရင်းသား ကျောင်းဘော်ဒါဆောင်တွင် သင်ကြားပေးသွားမည် ဖြစ်သည်။

Tint Tint Myanmar Group of Companies ခရီးသွား ကုမ္ပဏီသည် ရန်ကုန်မြို့တွင် Water Bus ကို ပြေးဆွဲနေသော ကုမ္ပဏီဖြစ်ပြီး ရေကြောင်းခရီးအတိုများကို ရန်ကုန်မြို့တဝိုက် စတင်ပြေးဆွဲနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly