သမ္မတအသစ်နဲ့ ကျွန်တော်တို့ မျှှော်တော်ယောင်

သမ္မတအသစ်နဲ့ ကျွန်တော်တို့ မျှှော်တော်ယောင်
Photo-Ye Aung THU / AFP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သမ္မတသစ်အား ကျွန်ုပ်တို့က ကြိုဆိုပါ၏ ။ မြန်မာနိုင်ငံတွင် ( ၁၀ ) ယောက် မြောက် နိုင်ငံတော်၏သမ္မတ ၊နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်၏ အဓိပတိ တစ်ဦးပင်ဖြစ်သည် ။ ဒီမိုကရေစီ စနစ်တွင် အောက်ခြေဝန်ထမ်းမှစ၍ နိုင်ငံတော်သမ္မတအဆင့်ထိ ပြောင်းလဲခန့်အပ်ခြင်းမှာ အဆန်းအပြား မဟုတ်ဘဲ ကျွန်တော်တို့နိုင်ငံတွင်တော့ နှစ်ကာလမြောက်များစွာ တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်တပ် (တပ်မတော်) အာဏာသိမ်းအစိုးရများက သူတစ်လူငါတစ်မင်း အုပ်ချုပ်လာခဲ့တဲ့ စွဲမြဲလာသည့် အခုအခံကြောင့် အထူးအဆန်းဖြစ်နေကြသူ တစ်ချို့လည်းရှိနေသည် ၊ ပို၍အထူးအဆန်းဖြစ်သည်မှာ နုတ်ထွက်သွားသော သမ္မတကြီးမှာ နုတ်ထွက်သွားသည့်တိုင် အများချစ်သည့်သမ္မတ ၊ ပြည်သူလူထုလေးစားသည့် သမ္မတ ၊ ပြည်သူ လူထုကြိုက်နှစ်သက်သည့် သမ္မတဖြစ်နေသောကြောင့်ပင် ။

နိုင်ငံတော်သမ္မတကြီးဦးထင်ကျော် ဘာကြောင့် အနားယူနုတ်ထွက်သွားရသနည်း ၊ အဖြေကရှင်းပါသည် ။ ဦးထင်ကျော်သည် ကျန်းမာရေးမကောင်းပါ ၊ အနားယူရမည့်အသက်အရွယ်နှင့် ဖျတ်လတ်တက်ကြွစွာ လုပ်ဆောင်နိုင်မှုစွမ်းပကားများ လျှော့ပါးနေချိန်သို့ရောက်ရှိလာသဖြင့် နိုင်ငံတော်၏အနှောင့်အယှက် အဟန့် အတားများကို သိမ်မွေ့စွာကိုင်တွယ်နေမှုများက ထိရောက်မှုအားနည်းတာကြောင့် ကာယကံရှင်သမ္မတဟောင်း ဦးထင်ကျော်၏ ဆန္ဒနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့က မြန်မာနိုင်ငံ၏ အနာဂတ်အကျိုးငှာ နိုင်ငံတော် သမ္မတကို အပြာင်းအလဲလုပ်ရခြင်းဖြစ်သည်ဟု ယူဆစရာဖြစ်သည် ။၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်သည်ဟု ဆိုလျင်လည်း ရသည် ။

ဒီထက်ပိုသေချာသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် သူ၏ရွေးကောက်ပွဲအောင်နိုင်ရေးရည်ရွယ်ချက် ကို သိသိသာသာတစ်ခုခုထူးခြားအောင် ပြည်သူတွေ အကျိုးခံစားခွင့်ရစေချင်သည့်ပြင်းပြသည့် ဆန္ဒကိုတွေ့ ရသည် ။ အာဏာရပြီးနောက်ပိုင်းတွင် (၁) တရားဥပဒေစိုးမိုးရေး။ (၂) ပြည်တွင်းငြိမ်းချမ်းရေး ။ (၃) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့၏ အခန်းကဏ္ဍကို ပုံဖော်ရာ၌ အထစ်အငေါ့များ ၊ အတားအဆီးများ ၊ အဆီအငေါ် မတည့်မှုများနှင့် အခက်အခဲများစွာတို့ကို ကြုံတွေခဲ့ရသော်လည်း အရင်ခေတ်တွေနှင့်မတူ နေရာအတော် များများတွင် အနည်းငယ်ပြောင်းလဲလာတာကိုတော့ လက်မခံ၍မရပေ ။မကြာခင်ကာလက ယခုသမ္မတအသစ် ပြောသွားတဲ့စကားများကိုအမှတ်ရသည် ။ တရားရုံးတွေကို ထိထိရောက်ရောက် ကိုင်တွယ်စစ်ဆေးမည်ဆိုတာ ဖြစ်သည် ။ သမ္မတသည် တရားရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက်လို့ မရပေမယ့် ထိန်းကျောင်းလို့ရသည် ၊  ဥပဒေပြုရေး ၊ တရားစီရင်ရေး တို့သည် အပြန်အလှန်ထိန်းကျောင်း၍ ရသည်ဟု ဆိုသလိုပင်ဖြစ်သည် ။

ထို့ကြောင့် ခက်ခဲနေသည့်ပြဿနာများ ၊ တွန့်ဆုတ်နေသည့်ကိစ္စရပ်များကို ဖြေရှင်းရန်နှင့် အရွေ့တစ်ခု ဖြစ်စေရန် သိသိသာသာကျော်လွှားနိုင် ရန်အတွက် လက်တွေ့ကျကျ အားကောင်းမောင်းသန်လုပ်ဆောင် နိုင်မည့် သမ္မတသစ်အားရွေးချယ်ခြင်းဖြစ် သည်ဟု ယုံကြည်သည် ။ နံပတ်တစ်ဖြစ်သည့် တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရန် တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းကျောင်းတည့်မတ် ပေးဘို့လိုသည် ။ ထိုကိစ္စကို ယခုသမ္မတ အသစ်က နိုင်နင်းစွာကိုင်တွယ်နိုင်သည် ဟုဆိုလိုချင်ပါသည် ။နိုင်ငံတကာရေးရာများနှင့် ပြည်တွင်းစိန်ခေါ်မှုများ ကိုရင်ဆိုင်ကျော်လွှားနေရသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးအစီအမံများအား ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တာဝန်ခွဲဝေ၍ သမ္မတကြီးဦးဝင်းမြင့်က တစ်စိတ်တစ်ပိုင်းကိုင်တွယ် နိုင်မည်ဖြစ်သည် ။ နိုင်ငံတော်သမ္မတသစ်ကျမ်းကျိန်ဆိုပြီးနောက် ပြောသွားသော မိန့်ခွန်းတွင် . . .

"ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ် ။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ် ။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ် ။ လူ့အခွင့်အရေးချိုးဖောက်ကာကွယ်ခြင်းများကို မြှင့်တင်ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်။ ပြည်သူ့ဘဏ္ဍာငွေများ အလေလွင့်ဆုံးရှုံးမှုမရှိစေရန် စီမံရပါလိမ့်မယ် ။ ဥပဒေမဲ့သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေများပြန်လည်ရရှိရေး လျော်ကြေးနစ်နာကြေးရရှိရေးတို့ကို ဥပဒေနှင့်အညီဆောင်ရွက်ရပါလိမ့်မယ်။ တောင်သူလယ်သမားများရဲ့ လူနေမှုဘဝမြင့်မားတိုးတက်ရေး အလုပ်သမားများရဲ့ဘဝသာယာစိုပြေရေး ကျောင်းသားလူယ်များ အဆင့်မြှင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေးကို ဖော်ဆောင်ရပါလိမ့်မယ်"

သမ္မတကြီး ဦးဝင်းမြင့်သည် လက်တွေ့သမားတစ်ယောက်ဖြစ်သည်ဟု သူ၏လုပ်ဆောင်ချက်များကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကျွန်တော်တို့ပြည်သူတွေ မျှော်လင့်နေတာတွေရှိသည် ၊ မြန်မာနိုင်ငံရဲ့ ကျန်းမာ ရေး၊ ပညာရေး အခြေအနေများ တိုးတက်စေချင်သည်။ သမ္မတပြောသွားတဲ့ ယိမ်းယိုင်နေ တဲ့တရားစီရင်ရေး ဆိုတာကို မဖြစ်မနေတည့်မတ်မှုကိုလိုချင်သည်။ လယ်ယာမြေတွေ ဆုံးရှုံးခဲ့တဲ့ လယ်သမားတွေ တကယ်ကို လယ်ယာမြေတွေ ပြန်ရစေချင်သည်။ အဓိက စားဝတ်နေရေးတွေ ပြေလည်စေချင်ကြသည်။ နိုင်ငံတော်အတွက် ယုံကြည်ရာလုပ်ရင်း ပြစ်ဒဏ်ကျခံနေရသူတွေရှိသည် ၊ ထိုသူများကိုလည်း သမ္မတ၏ အခွင့် အာဏာဖြင့် လွတ်စေချင်သည် ။

ပဒေသာပင်သည် မြေကပေါက်မည်မဟုတ်ပေမယ့် ၊ နေ့ချင်းညချင်း ပြောင်းလဲရေးတွေလုပ်မရပေမယ့် ကျန်သည့် သက်တမ်းတစ်ဝက်တွင်တော့ သမ္မတကြီးပြောခဲ့တဲ့ စကားတွေ ကျွန်တော်တို့ မျှော်လင့်လို့ ရပြီလို့ တွေးထင် ယုံကြည်မိချင်ပါတော့သည် ။   ။

သန့်ဇော် ( သန်လျင် )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly