ဘောလုံးကွင်းထဲကို သေနတ်နဲ့ဝင်ရောက်ခဲ့တဲ့ ဂရိကလပ်ဥက္ကဋ္ဌ သုံးနှစ်ပိတ်ခံရ

ဘောလုံးကွင်းထဲကို သေနတ်နဲ့ဝင်ရောက်ခဲ့တဲ့ ဂရိကလပ်ဥက္ကဋ္ဌ သုံးနှစ်ပိတ်ခံရ

မတ် ၃၀၊ သက်စလိုနီကာ ။            ။ ဘောလုံးကွင်းထဲကို သေနတ်နဲ့ဝင်ရောက်ခဲ့ ဂရိကလပ် ပီအေအိုကေ ဆလိုနီကာ အသင်းဥက္ကဋ္ဌဖြစ်သူ အိုင်ဗန် ဆက်ဗီဒစ်ဟာ ဘောလုံးကွင်းတွေထဲကို ဝင်ရောက်ခွင့် သုံးနှစ်ပိတ်ခံခဲ့ရပါတယ်။

အသင်းကိုလည်း ဂရိလိဂ်က သုံးမှတ်လျှော့ပြစ်ဒဏ်ချခဲ့တာကြောင့် ချန်ပီယံမျှော်လင့်ချက်အဆုံးသတ်ခဲ့ရပါတယ်။

အမှတ်ပေး ချန်ပီယံဆုအတွက်အပြိုင်ဖြစ်နေတဲ့ အေအီးကေ အေသင်အသင်းနဲ့ မတ်လ ၁၁ ရက်တုန်းက ကစားခဲ့တဲ့ပွဲမှာ ပီအေအိုကေ အသင်းရဲ့ သွင်းဂိုးတစ်ဂိုးငြင်းပယ်ခံရချိန်မှာ ဂျော်ဂျီယာဖွား စီးပွားရေးလုပ်ငန်းရှင် ဆက်ဗီဒစ်ဟာ ကွင်းထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို ကျေလည်အောင်မဖြေရှင်းနိုင်ရင် ကမ္ဘာ့ဘောလုံးလောကကနေ ပိတ်ပင်ထားခြင်းခံရမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက ဂရိဘောလုံးအဖွဲ့ချုပ်ကို သတိပေးထားပါတယ်။

ဂရိလိဂ်က ဆက်ဗီဒစ်ကို ယူရိုတစ်သိန်းနဲ့ ပီအေအိုကေအသင်းကို ယူရို ၆၃, ၀၀၀ လည်း ဒဏ်ရိုက်ခဲ့ပါသေးတယ်။ ဒီပြစ်ဒဏ် အတွက်အယူခံဝင်သွားမယ်လို့ ပီအေအိုကေအသင်းက ကြေညာခဲ့ပါတယ်။

ဆက်ဗီဒစ်ရဲ့လုပ်ရပ်ကြောင့် မတ် ၁၂ ရက်နေ့ကတည်းက ရပ်ဆိုင်းသွားခဲ့ရတဲ့ ဂရိပြည်တွင်းအမှတ်ပေးဘောလုံးပြိုင်ပွဲဟာ စနေနေ့မှာ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲကို အေအီးကေ အေသင်အသင်းက ၅၇ မှတ်နဲ့ဦးဆောင်နေပြီး အိုလံပီယာကို့စ်က အမှတ် ၅၀၊ ပီအေအိုကေက ၄၉ မှတ်နဲ့ အစဉ်လိုက်ရပ်တည်နေကြပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly