ကင်မ်ဂျံုအမ်းနှင့် သဘောတူညီမှုမရမချင်း တောင်ကိုရီးယားတို့နှင့် ကုန်သွယ်ရေးဆွေးနွေးမှုကို ဆိုင်းငံ့ထားမည် ဟု ထရမ့်ပြောကြား

ကင်မ်ဂျံုအမ်းနှင့် သဘောတူညီမှုမရမချင်း တောင်ကိုရီးယားတို့နှင့် ကုန်သွယ်ရေးဆွေးနွေးမှုကို ဆိုင်းငံ့ထားမည် ဟု ထရမ့်ပြောကြား

ဝါရှင်တန်၊ မတ် ၃၀ ။              ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် မြောက်ကိုရီးယားတို့ကို ပိုမိုဖိအားပေးနိုင်ရန် တောင်ကိုရီးယားတို့နှင့် ကုန်သွယ်ရေးဆွေးနွေးမှုကိစ္စကို ဆိုင်းငံ့ ထားမည်ဟု ကြာသာပတေးနေ့က ပြောခဲ့သည်။

“မြောက်ကိုရီးယားတို့နဲ့ သဘောတူညီမှုမရမချင်း ကျနော်ဟာ တောင်ကိုရီးယားတို့နဲ့ကုန်သွယ်ရေးဆွေးနွေးမှုကို ရပ်တန့်ထားမှာဖြစ်ပါတယ်။ ဘာလို့လဲခင်ဗျားတို့သိကြလား။ ဘာလို့လဲဆိုတော့ ဒါဟာအင်အားအရမ်းကောင်း တဲ့ ဖဲတစ်ချပ်ဖြစ်နေလို့ပါ” ဟု ဒေါ်နယ်ထရမ့်က တင်စားပြောဆိုခဲ့သည်။

အမေရိကန်အစိုးရက ၎င်းတို့သည် တောင်ကိုရီးယားအစိုးရနှင့်အတူ ကုန်သွယ်မှု ပဏာမသဘောတူညီချက် ရရှိထားခဲ့ပြီဖြစ်ကြောင်း အင်္ဂါနေ့ကကြေညာခဲ့သည်။ ယင်းသဘောတူညီချက်အရ တောင်ကိုရီးယားအစိုးရ သည် ကုန်သွယ်မှုလျော့ပေါ့ခွင့်ရရှိထားပြီး သံမဏိနှင့် အလူမီနီယံထုတ်ကုန်များအတွက် ကုန်စည်အခွန် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

အမေရိကန်အာဏာပိုင်များ၏အဆိုအရ တောင်ကိုရီးယားအနေဖြင့် ၎င်းတို့၏နှစ်စဉ် သံမဏိပို့ကုန် ၇၀ ရာခိုင်နှုန်းအတွက် ထရမ့်ချမှတ်ထားသည် အခွန် ၂၅ ရာခိုင်နှုန်းပေးဆောင်မှုကို ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး အလူမီနီယံအတွက်ကိုမူ ၁၀ ရာခိုင်နှုန်းခန့်သာ ကုန်သွယ်အခွန်အဖြစ် ပေးဆောင်ရမည်ဟု သိရသည်။

ပြီးခဲ့သောအပတ်ကလည်း ထရမ့်အစိုးရအဖွဲ့သည် ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ အာဂျင်တီးနား၊ ဘရာဇီး၊ ကနေဒါ၊ မက္ကစီကိုနှင့် တောင်ကိုရီးယားတို့အား သံမဏိနှင့်အလူမီနီယမ်ပို့ကုန်များအတွက် အခွန်ကင်းလွတ်ခွင့် ပေးခဲ့ပြီး ယင်းနိုင်ငံများနှင့်လည်း အပြန်အလှန်သဘောတူညီချက်များရရှိခဲ့သည်။

သို့သော်လည်း လက်ရှိအခြေအနေအရ ဝါရှင်တန်အစိုးရနှင့် မြောက်ကိုရီးယားအစိုးရတု့ိ၏ နျူကလီးယား လက်နက်ကိစ္စဆွေးနွေးမှုသည် တောင်ကိုရီးယားအစိုးရ၏စီးပွားရေးအပေါ် ထိခိုက်လာတော့မည့် အလားအလာ များရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly