တပ်မတော်သားကိုယ်စားလှယ်များကို ဝေဖန်ပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြန်တောင်းပန်

တပ်မတော်သားကိုယ်စားလှယ်များကို ဝေဖန်ပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပြန်တောင်းပန်

ရန်ကုန်၊ မတ် ၂၉ ။            ။ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို အွန်လိုင်းပေါ်တွင်ဝေဖန်ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် မွန်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁၂) မှ ဒေါ်သီရိရတနာသည် ယနေ့ မတ်လ ၂၉ ရက်တွင်ပြန်တောင်းပန်လိုက်သည်။

မတ်လ ၂၃ ရက်နေ့ နိုင်ငံတော်သမ္မတရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတအရည်အချင်းနှင့်ပြည့်စုံမှုရှိ/မရှိ စီစစ်နိုင်ရေးအတွက် စီစစ်ရေးအဖွဲ့ တွင်ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးရွေးချယ်ရေးနှင့် ပက်သက်ပြီး လူမှုကွန်ယက်ပေါ် ၌ရေး သားခဲ့မှုသည် လွှတ်တော်ဥက္ကဋ္ဌနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့်အတွက် ယခုလိုတောင်းပန်ရခြင်းဖြစ်ကြောင်း  သူ၏တောင်းပန်စာတွင်ပါရှိသည်။

ဒေါ်သီရိရတနာ သည် မတ်လ ၂၃ ရက်နေ့က ၎င်း၏ လူမှုကွန်ယက်ပေါ်တွင် “ ဒီနေ့ အမျိုးသားလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး အရွေးကောက်ခံ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာမှာ ပြည်သူ့အရွေးကောက်ခံ မဟုတ်သူများ အစုအဖွဲ့ကို ထွက်ခွာနိုင်ပြီလို့ ပြောလိုက်တဲ့အချိန် ပြည်သူ့အရွေးချယ်ခံဖြစ်ရတဲ့ ကိုယ်စားလှယ် ဘဝဟာ သိပ်ကို ဂုဏ်ယူစရာကောင်းတာပဲ (ဂုဏ်သိက္ခာ ရှိတာပဲ) လို့ ခံစားလိုက်ရပါတယ်။ ကျမတို့သည် ရွေးကောက်ခံကိုယ်စားလှယ်များ ဖြစ်ပါသည်။ လေးစားစွာဖြင့် သီရိ ရတနာ ၂၃.၃.၂၀၁၈” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ အရည်အချင်းနှင့်ပြည့်စုံမှုရှိ/မရှိ စီစစ်နိုင်ရေးအတွက် စီစစ်ရေးအဖွဲ့ တွင်ရွေးကောက်ခံ ကိုယ်စားလှယ်များအစုအဖွဲ့မှ ကိုယ်စားလှယ်ရွေးချယ်ရေးလုပ်ငန်းစဉ်သည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် မသက်ဆိုင်ပေ။

အဆိုပါရေးသားချက်သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ရည်ရွယ်ပြုလုပ်ရေး သားခဲ့ခြင်း မဟုတ်ကြောင်းလည်း ၎င်း၏ တောင်းပန်စာတွင် ပါရှိသည်။

လူမှုကွန်ရက် Facebook ပေါ်တွင်  ယင်းရေးသားမှုကို ပြန်လည်ဝေမျှကာ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဒေါ်သီရိ ရတနာက သူမ၏ ယင်းကဲ့သို့ ရေးသား မှုနှင့် ပတ်သက် ယခုကဲ့သို့ တောင်းပန်လိုက်ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly