ဘာစီလိုနာကွင်းလယ်လူဟောင်း အက်ဒ်မီလ်ဆင် မြန်မာလူငယ်များကို ဘောလုံးလေ့ကျင့်ပေး

ဘာစီလိုနာကွင်းလယ်လူဟောင်း အက်ဒ်မီလ်ဆင် မြန်မာလူငယ်များကို ဘောလုံးလေ့ကျင့်ပေး

ရန်ကုန်၊ မတ် ၂၉ ။          ။ ဘရာဇီးလ်း လက်ရွေးစင်နှင့် ဘာစီလိုနာ ကွင်းလယ်လူဟောင်း အက်ဒ်မီလ်ဆင် ဦးဆောင်ပြီး ရန်ကုန်မြို့ သုဝဏ္ဏရှိ မြက်ခင်းတုကွင်းတွင် လူငယ်ဘောလုံး ပွဲတော်အဖြစ် မြန်မာလူငယ်တွေကို ၂ ရက်ကြာသင်ကြားပြသခဲ့သည်။

မတ်လ ၂၈ ရက်တွင် အမျိုးသမီး ယူ ၁၂ ကလေးငယ်အယောက် ၃၀ နှင့် အမျိုးသမီး ယူ ၁၃ က လေးငယ် ၃၀ တို့ကိုသင်ကြားပြသခဲ့သည်။

မတ်လ ၂၉ ရက်တွင်လည်း အမျိုးသားယူ ၁၂ ကလေးငယ်အယောက် ၃၀နှင့် အမျိုးသား ယူ ၁၃ က လေးငယ် ၃၀ တို့ကို အခြေခံ ဘောလုံး ပညာတွေသင်ပေးခဲ့ခြင်းဖြစ်သည်။

" ဂျပန်ကနေဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကနေပြီးတော့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်နဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့သူတို့ အာရှမှာ လူငယ်ဖွံဖြိုးရေးတွေလုပ်နေတယ်။ လုပ်တဲ့အခါကျတော့ သူတို့ကနေလာပြီးတော့ ဘောလုံးအဖွဲ့ချုပ်ကို သူတို့အနေနဲ့ကလေးငယ်တွေကို လေ့ကျင့်ပေးချင်တယ်။ ဘရာဇီးက အက်ဒ်မီလ်ဆင်ကိုခေါ်ဆောင်ပြီးတော့ပေါ့ လုပ်မယ်ဆိုတော့တို့ကလည်း ဘောလုံးဖွံဖြိုးတိုးတတ်ရေးအတွက်ဆို ကြိုဆိုတယ်လေ။ အဲ့တာကြောင့် တို့တွေလည်းလုပ်ဖြစ်သွားတာဖြစ်တယ် " ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး နှင့် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်ကပြောသည်။

ထို့အပြင် မတ်လ ၂၉ ရက် ညနေပိုင်းမှာတော့ လက်ရွေးစင် ယူ ၁၃ (မြန်မာ)နှင့် လက်ရွေးစင် ယူ၁၃ (ဂျပန်)တို့ World Friendship Cup ပွဲစဉ်အား ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ယခုလို ဘရာဇီးလ်း လက်ရွေးစင်နှင့် ဘာစီလိုနာ ကွင်းလယ်လူဟောင်း အက်ဒ်မီလ်ဆင်ဦးဆောင်ပြီး အခြေခံ ဘောလုံး ပညာတွေလာရောက်သင်ကြား ပြသခဲ့ခြင်းက မြန်မာနည်းပြတွေနဲ့ လူငယ်များအတွက်လည်း အတွေ့အကြုံသစ်များရရှိစေကြောင်း ဦးတင်မြင့်အောင်ကဆက်ပြောသည်။

" ဆရာတို့ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း လူငယ်ဖွံဖြိုးရေးတွေ အကယ်ဒမီတွေ စဉ်ဆက်မပျက်နှစ်စဉ်နှစ်တိုင်း လုပ်နေတာပေါ့နော်။ အလားတူပဲ လုပ်နေတဲ့အပြင် ဒီလိုမျိုးအတွေ့အကြုံရှိတဲ့ ဘောလုံးဖွံဖြိုးတိုးတတ်တဲ့နိုင်ငံကနေလာပြီးတော့ ဘောလုံးပညာလာသင်ပေးမယ်ဆိုတော့ တို့ဆီက နည်းပြတွေအပါအဝင် ကလေးတွေပါအကုန်လုံး သူတို့ဆီကနေပြီးတော့ အတွေ့အကြုံတွေ နည်းပညာတွေကို သင်ယူရတာပေါ့ " ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး နှင့် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်ကပြောသည်။

ယခုဘောလုံးပွဲတော်ကို ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် CBF ၊ ဂျပန်အခြေစိုက် အာရှ လူငယ်ဘောလုံး ဖွံ့ဖြိုးရေး အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly