သွင်းကုန်များအပေါ် ထပ်ဆောင်းခွန် ကောက်မည့် အမေရိကန်ကို ရှုတ်ချကာ လက်တုံ့ပြန်မည်ဟု တရုတ်ပြော

သွင်းကုန်များအပေါ် ထပ်ဆောင်းခွန် ကောက်မည့် အမေရိကန်ကို ရှုတ်ချကာ လက်တုံ့ပြန်မည်ဟု တရုတ်ပြော

ပေကျင်း၊ မတ် ၂၉ ။          ။ တရုတ်သွင်းကုန်အပေါ် ထပ်ဆောင်းခွန် ပြဌာန်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကို တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက မတ် ၂၉ ရက်၌ ရှုတ်ချလိုက်ပြီး လက်တုံ့ပြန်သွားမည်ဟု ပြောသည်။

ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကျို့ဖန်က အမေရိကန်အပေါ် မည်သို့ လက်တုံ့ပြန်သွားမည်ဆိုသည့် လုပ်ငန်းစဉ်အသေးစိတ်ကို ထုတ်ဖော်မပြောသော်လည်း တရုတ်အစိုးရအနေဖြင့် မည်သည့်ရွေးချယ်စရာလမ်းကြောင်းကိုမဆို  ချန်လှပ်ထားမည်မဟုတ်ကြောင်း ပြောသည်။

တစ်ဖက်သတ်ကုန်သွယ်ရေး ဆုံးဖြတ်ချက်များကို ကျို့က သတိပေးလိုက်ပြီး ယင်းသည် ကမ္ဘာ့ကုန်သွယ်ရေးကွန်ရက်တွင် အကာအကွယ်ပြုရေးပေါ်လစီများကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး နောက်ဆုံးတွင် ကမ္ဘာ့စီးပွားရေးကို အထိနာစေလိမ့်မည်ဟု ပြောသည်။

ယခုလအစောပိုင်းက ထရမ့်သည် သံမဏိ တင်သွင်းမှုအား စည်းကြပ်ခွန်သစ် ၂၅ ရာခိုင်နှုန်းနှင့် အလူမီနီယံတင်သွင်းခွန်ကို ၁၀ ရာခိုင်နှုန်း ပြဌာန်းကြောင်း ကြေညာခဲ့သည်။

အချို့သော နိုင်ငံများကို အဆိုပါ အခွန်မှ လွတ်ငြိမ်းခွင့် ပြုလိုက်သော်လည်း တရုတ်ကဲ့သို့သော အခြားသော နိုင်ငံများကို ချက်ချင်း ပြဌာန်းခဲ့ခြင်း ဖြစ်သည်။

သီးခြားအနေဖြင့်လည်း တရုတ်ကုန်စည်များ၏ အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံနီးပါးကို အခွန်အတုပ်စည်းကြပ်ရန်လည်း ထရမ့်က အမိန့့်ထုတ်ခဲ့သည်။

ထရမ့်၏ ယင်းသို့သော လုပ်ဆောင်မှုများကြောင့် ကမ္ဘာ့ဈေးကွက်တွင် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်ခြေအား စိုးရိမ်လျက်ရှိစဉ် တရုတ်ဖက်က ယခုကဲ့သို့ သတိပေးပြောကြားလာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် စေ့စပ်ညှိနှိုင်းရေးကို တံခါးဖွင့်လှစ်ထားကြောင်း၊ သို့သော် တန်းတူမျှမှုပေါ်တွင်သာ အခြေခံမှာဖြစ်ပြီး တစ်ဖက်သတ်ခြိမ်းခြောက်မှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း ကျို့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly