လူထုဗဟိုပြုစီမံကိန်းဖြင့် တည်ဆောက်ခဲ့သော အမကကျောင်း (ပင်လုံ) မုခ်ဦး ဖွင့်လှစ်

လူထုဗဟိုပြုစီမံကိန်းဖြင့် တည်ဆောက်ခဲ့သော အမကကျောင်း (ပင်လုံ) မုခ်ဦး ဖွင့်လှစ်

မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စု ပင်လုံကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း၏ အစီအစဉ်တစ်စိတ်တပိုင်းအဖြစ် တည်ဆောက်ခဲ့သော အမကကျောင်း(ပင်လုံ) မုခ်ဦး ကို မတ်လ ၂၇ ရက်က ဖွင့်လှစ်ခဲ့သည်။ 

အဆိုပါ အမကကျောင်းဆောင်မုခ်ဦးနှင့်ခြံစည်းရိုး ပြုပြင်ခြင်းကို စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၇၂ သိန်းကျော်ဖြင့် ဇန်နဝါရီလက စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မတ်လ ၂၅ ရက်တွင် ပြီးစီးခဲ့ခြင်း ဖြစ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်သည့် မိုးကောင်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၆- ၂၀၁၇ဘဏ္ဍာရေးနှစ်တွင် ပထမနှစ်စက်ဝန်းအဖြစ်ဆောင်ရွက်ခဲ့ပြီး ယင်းအမကကျောင်းမုခ်ဦးဖွင့်လှစ်ခြင်းလည်း အဆိုပါစီမံကိန်း၏ တစ်စိတ်တပိုင်းအဖြစ် ပါဝင်နေသည်။ 

ယင်း စီမံကိန်းပထမစက်ဝန်းတွင် ရန်ပုံငွေကျပ်သိန်း(၁၂၆၈၀) ဖြင့် ကျေးရွာ ၇၉ ရွာတွင် စီမံကိန်းလုပ်ငန်းခွဲ ၁၂၀ ခန့် ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။

လာမည့် ၂၀၁၇- ၂၀၁၈ဘဏ္ဍာရေးနှစ်၊ ဒုတိယနှစ်စက်ဝန်းအဖြစ် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၂၉၀၀ ရရှိခဲ့ရာ ကျေးရွာ ၇၉ ရွာတွင် စီမံကိန်းလုပ်ငန်းခွဲ ၁၀၁ ခု ဆောင်ရွက်သွားမည် ဖြစ်သည်။

မြို့နယ်၏ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ၊ လမ်းထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းများပါဝင်ပြီး လမ်းခွ၊ လေသာကုန်းနှင့် ပင်းဘောကျေးရွာတို့၌ ဆောင်ရွက်နေသည်။ 

အမကကျောင်း မုခ်ဦး ဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးနေသူရိန်စိန်လှ၊  မြို့နယ်ပညာရေးမှူးကိုယ်စား နန်းခွင် ကျောင်းအုပ်ဆရာကြီး ဦးလှသောင်း ၊ ပင်လုံအမကကျောင်းအုပ် ဒေါ်စိုးစိုးထွန်းနှင့် ကျေးရွာလူထုဗဟို ပြုစီမံကိန်းကော်မတီအဖွဲ့ဝင် ဒေါ်ကြည်မြိုင်တို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly