လမ်းပျက်တာပြင်ဖို့ သိကြားမင်းကြီး ကိုပြောရမှာလား

လမ်းပျက်တာပြင်ဖို့ သိကြားမင်းကြီး ကိုပြောရမှာလား

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေတဲ့ ဦးဝင်းကိုက မေးလ်က နေ မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာတစ်စောင်ပေးပို့လာပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ သူဟာ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး နေစရာအခက်အခဲကြောင့် မြို့လယ်ကောင်မှာထက် ငှားခ ဈေးနှုန်းသက်သာတဲ့ ယုဇနဥယျာဉ်အိမ်ရာမှာ ငှားရမ်းနေထိုင်သူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ရပ်ကွက်ကနေ နေ့စဉ် မြို့ထဲကို သွားလာနေကြရတဲ့ ပြည်သူတွေကိုယ်စား တာဝန်ရှိသူတွေကို သူတို့တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြချင်လို့ ရေးလိုက်တဲ့စာပါလို့ ပြောပါတယ်။
အရင်က ယုဇနဥယျာဉ်အိမ်ရာဟာ မြို့နဲ့ဝေးတဲ့အပြင် ကားစီးရေ နည်းတာကြောင့် ပြည်သူ တွေဟာ မြို့ထဲနဲ့ အသွားအပြန်ကို ကြပ်တည်းစွာနဲ့ တိုးဝှေ့စီးခဲ့ကြရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း မှာတော့ တာဝန်ရှိသူတွေရဲ့ စီစဉ်ပေးမှုကြောင့် ပြေးဆွဲတဲ့ကားလိုင်းတွေ များလာတဲ့အပြင် တရားဝင် လား မဝင်လား မသိတဲ့ တက္ကစီတွေက တစ်ကြောင်းစီးရင် တစ်ယောက်ကို ငါးရာ၊ တစ်ထောင်သာပေးရတဲ့ အတွက် ပြည်သူတွေဟာ သွားလာရေးလွယ်ကူပြီး အဆင်ပြေခဲ့ကြပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ကစပြီး လမ်းကပဲ မကောင်းလို့လား၊ ကားလမ်းတွေကပဲ အသွားအလာ များလို့လား မသိဘူး၊ လမ်းတွေဟာ ဆိုးဆိုးဝါးဝါး ပျက်စီးနေတာကို ကားတွေအနေနဲ့ အဆင်ပြေ သလိုမောင်းနှင်နေကြရတယ်လို့ ရေးပါတယ်။

ဒီလိုချိုင့်ထဲ ဗွက်ထဲမှာ မောင်းကြရတဲ့အတွက် ကားတွေဟာ မကြာခဏ ပျက်စီးလို့ ပြင်ရတာ ကြောင့် ကားပြင်ရတာနဲ့ ရတာနဲ့ မကာမိလို့ ကားတွေ မထွက်နိုင်ရင် ခရီးသွားပြည်သူတွေဟာ ပြွတ်သိပ်ပြီး စီးကြရတာကို တာဝန်ရှိသူတွေ မမြင်တာလား၊ မသိချင်ယောင်ဆောင်နေတာလား ဆိုတာကို သိချင်ပါတယ်။ လမ်းက လုံးဝနီးပါး မကောင်းတာကြောင့် တချို့ကားတွေက အိမ်ရာထဲ မဝင်တော့ဘဲ ထိပ်မှာတင် ရပ်ထားပြီး တင်ကြတာကြောင့် အိမ်ရာအထဲနဲ့ မုခ်ဦးထိပ်အထိ လျှောက်ရ တာ ဝေးတဲ့အပြင် ကားတစ်စီးဖြတ်သွားရင် ရွံ့ဗွက်တွေ ချိုင့်တွေကနေ လွင့်လာတဲ့ ညစ်ပတ်တဲ့ရေ တွေ အစင်ခံရပြီး ကံမကောင်းရင် ကားဘီးနဲ့ ထိပြီး လွင့်လာတဲ့ ခဲမှန်လို့ ဒုက္ခမျိုးစုံ တွေ့ကြုံနေကြ ရတယ်လို့ ပြောပါတယ်။

လမ်းမကောင်းတာက ယုဇနဥယျဉ် အိမ်ရာတစ်ခုလုံး သာမကဘဲ သူနဲ့ဆက်သွယ်ထားတဲ့ တခြားရပ်ကွက်ထဲက လမ်းတွေဟာလည်း သွားမရနိုင်လောက်အောင် ပျက်စီးနေပြီး နေ့စဉ်နဲ့အမျှ စိတ်ရောကိုယ် ပါ ဆင်းရဲနေကြရတဲ့ ပြည်သူတွေကို ဘယ်သူမှ လာပြီး မလုပ်ပေးကြပါဘူး။ မနေနိုင် တဲ့သူတွေနဲ့ ကားပိုင်ရှင်တချို့က သူတို့ လမ်းပြင်ဖို့ အလှူငွေ ထည့်ပါမယ်ဆိုတာကို အုပ်ချုပ်သူတွေက ကိုယ့်ဖာသာ ကိုယ် ပြင်လို့မရဘူး။ အထက်အမိန့်ရမှ ပြင်လို့ရမယ်ဆိုတာကြောင့် လမ်းပျက်တာကို မကြာခဏ တင်ပြနေ၊ ရေးနေကြတဲ့ ပြည်သူတွေက ဘယ်သူ့ကို သွားပြောရမယ်ဆိုတာ မသိကြဘဲ သိကြားမင်း ကိုပြောရမှာလားလို့ မေးနေကြတာကြောင့် တာဝန်ရှိသူများအနေနဲ့ ညွှန်ကြားပေးပါရန် မဇ္ဈိမ စာဖတ်သူကဏ္ဍမှတစ်ဆင့် တင်ပြအပ်ပါတယ်လို့ ပြောလာတဲ့စာကို ဖော်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags