မတရားခံနေရသည့် ကိစ္စများကို အမြန်ဆုံးဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတသစ်သို့ ရိုက်တာသတင်းထောက်နှစ်ဦး တောင်းဆို

မတရားခံနေရသည့် ကိစ္စများကို အမြန်ဆုံးဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတသစ်သို့ ရိုက်တာသတင်းထောက်နှစ်ဦး တောင်းဆို

ရန်ကုန်၊ မတ်လ ၂၈ ။           ။ ရိုက်တာသတင်းထောက် ၂ ဦး မတရားဖမ်းဆီးခံထားရသည့် ကိစ္စများကို အသစ်တက်လာသည့် နိုင်ငံတော်သမ္မတက အမြန်ဆုံး ဖြေရှင်းပေးရန် ယနေ့ မတ်လ ၂၈ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

မတ်လ ၂၈ ရက်နေ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရိုက်တာသတင်းထောက် ၂ ဦးကို ၁၁ ကြိမ်မြောက် ရုံးထုတ်ခဲ့ကာ တရားလိုပြသက်သေ ၃ ဦးအား ရုံးတော်တွင်စစ်ဆေးအပြီး တရားခွင်မှ အထွက် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့မှ တက်တဲ့ သမ္မတကြီးကိုပေါ့လေ။ အင်းစိန်ထောင်ထဲမှာရောက်နေတဲ့ ကျွန်တော်တို့ သတင်းထောက် တွေကနေ ပြောချင်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ရဲ့ အခြေအနေတွေသည် ကျွန်တော်တို့ သတင်းကိစ္စ ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ အင်းစိန်ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။ မတရားမှုတွေကို ဖော်ထုတ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ အမှုတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲ့ဒီတော့ အခုအသစ်တက်လာတဲ့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ အဓိက ကျွန်တော်ပြောချင်တာကတော့ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်၊ တရားမျှတမှုတွေကို အလေးအနက်ထားဆောင်ရွက်ပေးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ သတင်းလွတ်လပ်ခွင့်ရရှိရေး၊ မတရားခံနေရတဲ့ ကိစ္စတွေကို အမြန်ဆုံးဖြေရှင်းပေးရေးကို တောင်းဆိုချင် ပါတယ်”ဟု ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံး(ခ)ကိုသက်ဦးမောင်က ပြောသည်။ ရိုက်တာသတင်းထောက်နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေကလည်း အသစ်တက်လာသည့် နိုင်ငံတော်သမ္မတအနေဖြင့် စွပ်စွဲခံရသူ၊ တရားခံဖြစ်သူများကို လွှတ်ပေး၍ ရသည့် အခွင့်အာဏာကို အသုံးချမည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

“ သမ္မတသစ်က တရားဥပဒေစိုးမိုးရေး၊ တရားဥပဒေပိုင်းဆိုင်ရာတွေကို လွှတ်တော်ဥက္ကဋ္ဌ ဘဝမှာကတည်းက စွမ်းစွမ်းတမံအများကြီးလုပ်ခဲ့တာဆိုတော့ သမ္မတတစ်ယောက်ရဲ့ အခွင့်အာဏာကိုသုံးပြီးတော့ ဖွဲ့စည်းပုံမှာ လည်း ညွှန်ပြ ထားတာရှိတယ်။ စွပ်စွဲခံရသူတွေကို၊ တရားခံတွေကို လွှတ်ပေးလို့ ရတဲ့ အခွင့်အာဏာကို အသုံးချမယ်လို့တော့ ကျွန်တော်မျှော်လင့်တယ်”ဟု သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ယနေ့ မတ်လ ၂၈ ရက်နေ့တွင် တရားလိုပြသက်သေများဖြစ်သည့် သတင်း ထောက်ကိုကျော်စိုးဦး တည်းခဲ့သည်ဆိုသော ဟိုတယ်မှ မန်နေဂျာဆိုသူအပါအဝင် ၃ ဦးကို စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင် ထူးခြားမှုအနေဖြင့် အဆိုပါ တရားလိုပြသက်သေ ၃ ဦးကို တရားခွင်တွင် ထွက်ဆိုရန် အတွက် ရဲတပ်ဖွဲ့မှ ဖုန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး Viber မှ သမ္မာန်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ သက်သေများ ထွက်ဆိုချက်များအရ ဟိုတယ်အတွင်း ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာတွင် ရှာဖွေဝရမ်း၊ တရားရုံးအမိန့်၊ သမ္မတရုံးမှ ညွှန်ကြားစာ စသည့် အချက်များကို ရဲတပ်ဖွဲ့မှ ပြသနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး ခရိုင်တရားရုံးက ဧပြီလ ၄ ရက်နေ့အား ထပ်မံချိန်းဆိုလိုက်ကာ အဆိုပါ ရုံးချိန်း တွင်လည်း ကျန်ရှိသည့် တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

ရိုက်တာသတင်းဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို မောင်တောမြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူတချို့တွေ့ရှိခဲ့ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ည ၉ နာရီခန့် အချိန်တွင် အစိုးရလိျှု့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မဖြင့် ခရိုင်တရား ရုံးတွင် တရားစွဲတင်ကာ စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ- ၃ သည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သော ဥပဒေပုဒ်မဖြစ်သည်။ သတင်းထောက် ၂ ဦးအား အဆိုပါ စာရွက်စာတမ်းများကို လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ် ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly