စန္ဒယားတင်ဝင်းလှိုင်ကိစ္စနှင့် ပတ်သက်ပြီး ပြောရဲလျှင် တောင်းပန်ရဲသည့်သတ္တိရှိရမည်ဟု မြန်မာ့အသံညွှန်ချုပ်ပြော

စန္ဒယားတင်ဝင်းလှိုင်ကိစ္စနှင့် ပတ်သက်ပြီး ပြောရဲလျှင် တောင်းပန်ရဲသည့်သတ္တိရှိရမည်ဟု မြန်မာ့အသံညွှန်ချုပ်ပြော

ရန်ကုန်၊ မတ်လ ၂၈ ။           ။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီစန္ဒယား (ဦး) တင်ဝင်းလှိုင်၏ ပြောကြားချက်များမှာ မှန်ကန်မှုမရှိသည့်အတွက် ပြောရဲလျှင်တောင်းပန်ရဲသည့် သတ္တိရှိရမည်ဟု မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောဆိုလိုက်သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝင်း၊ စတိုဒီယို (အေ) တွင်ယနေ့ မတ်လ ၂၈ ရက်တွင် မြန်မာ့အသံမှ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

" လူဆိုတာကိုယ်ပြောပြီးရင် မှန်ရင်လည်းမှန်မယ်။ မှားရင်လည်း ကိုယ်မှားတဲ့ဟာကို ဝန်ခံရမှာပဲ။ မှန်တာကိုပဲကျွန်တာ်ပြောမယ်။ ကျွန်တော်ပြောတာမှား သွားရင်လည်း တောင်းပန်ရဲတဲ့ သတ္တိအပြည့်ရှိတယ်။ ဆိုတော့ ဆရာဦးတင်ဝင်းလှိုင်အနေနဲ့လည်း အဲ့လိုသတ္တိရှိလိမ့်မယ်လို့ ထင်ပါတယ်။ ပြန်တောင်းပန်ရဲတဲ့။ ဘာပဲပြောပြော ဆရာက ပညာအရရော ဝါအရရော ကျွန်တော်တို့ထက် အများကြီး ရှိတဲ့သူပါ " ဟု ဦးမြင့်ထွေးကပြောသည်။

အကယ်ဒမီစန္ဒယား (ဦး) တင်ဝင်းလှိုင်၏ ပြောကြားချက်များမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအပြင် အစိုးရဝန်ထမ်းများ၏ ဂုဏ်သိက္ခာကိုထိခိုက် စေသည်သည့်အတွက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် ဦးတင်ဝင်းလှိုင် အနေဖြင့်တောင်းပန်ခြင်းမရှိပါက ဥပဒေနည်းလမ်းအရဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်းလည်း အဆိုပါသတင်းစာရှင်းလင်းပွဲမှသိရသည်။

သီချင်းခွေကူးရာတွင် ပိုက်ဆံအရမ်းပေးရသည်ဆိုသည့်ပြောဆိုချက်သည်မှန်ကန်မှုမရှိသည့်အပြင် အကယ်၍ လာဘ်စားသည့် ဝန်ထမ်းရှိခဲ့သည်ဆိုပါကလည်း သက်သေနှင့်တကွတိုင်ကြားပါက ၂၄ နာရီအတွင်း စုံစမ်းမှုများစတင်သွားမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကပြောဆိုခဲ့သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွင့်နေသည့် ဦးတင်ဝင်းလှိုင်၏ အစီအစဉ်ဖြစ်သည့် " ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ " အစီအစဉ်ကိုလည်း ထုတ်လွှင့်နေဆဲဖြစ်ပြီး ဦးတင်ဝင်းလှိုင်၏ ပြောဆိုချက်ပျံ့နှံ့ခဲ့သည့်နောက်တွင် ဆက်လက်ထုတ်လွင့်ခြင်းပြုမပြုကိုမူပြောဆိုခဲ့ခြင်းမရှိပေ။

အကယ်ဒမီစန္ဒယား (ဦး) တင်ဝင်းလှိုင်ဘက်သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အသံတွက် အကယ်ဒမီဆုကိုတက်ယူစဉ် အဆိုပါအချက် ၄ချက်ပါဝင်သည့် စကားများကိုထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly