ကျွန်းစု၌ ဓာတ်ငွေ့ရည်ဖြင့်ထုတ်မည့် လျှပ်စစ်စီမံကိန်းအား မြိတ်အများပိုင်ကုမ္ပဏီ အဆိုပြု

ကျွန်းစု၌ ဓာတ်ငွေ့ရည်ဖြင့်ထုတ်မည့် လျှပ်စစ်စီမံကိန်းအား မြိတ်အများပိုင်ကုမ္ပဏီ အဆိုပြု

ကျွန်းစု၊ မတ်လ ၂၈ ။             ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကပကျေးရွာအုပ်စု၊ လင်မလိုကျေးရွာတွင် မြိတ်အများပိုင် ကော်ပိုရေးရှင်း ကုမ္ပဏီလီမိတက်နှင့် KMPI CONSORTIUM CO.LID ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ ၆၁၀ မဂ္ဂါဝပ် LNG ဂစ်စ် ဓာတ်ငွေရည်ဖြင့် ဓါတ်အားပေး စက်ရုံ တစ်ရုံ တည်ဆောက်ရန် အဆိုပြု တင်သွင်းထား ကြောင်း သိရသည်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ကပကျေးရွာအုပ်စု လင်မလိုကျေးရွာတွင် တည်ဆောက်မည့် ၆၁၀ မီဂါဝပ် LNG ဂက်စ်ဓာတ်ငွေရည်ဖြင့် ဓါတ်အားပေးစက်ရုံစီမံကိန်းကို အကောင်အတည်ဖော်ရန် ပြည်ထောင်စုအဆင့်သို့ MOU တင်သွင်း အဆိုပြုထားကြောင်း ယင်းစီမံကိန်း၏ တွဲဖက်မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ချိန်းထံက သိရ သည်။

“ ကျွန်တေ်ာတို့ကတော့ ဒီ ဓာတ်ငွေ့ရည်နဲ့ လျှပ်စစ် ထုတ်ယူ သုံးစွဲနိုင်ဖို့ကို ၂၀၁၅ ခုနှစ်ကတည်းက စတင် ကြိုပမ်းနေတာ ဖြစ်တယ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ခွင့်ပြုချက်ရဖို့ MOA ကို တင်ထားပါတယ်၊ အဲ့ဒီက ကျရင်တော့ MIC ကို ထပ်တင်ရဦးမှာ ဖြစ်တယ်’’ ဟု အထက်ပါ စီမံကိန်း ဒါရိုက်တာ ဦးအောင်ချိန်းက ပြောသည်။

အဆိုပါ ဓာတ်ငွေ့ရည်ဖြင့် ထုတ်လုပ် အသုံးပြုမည့် လျှပ်စစ်စီမံကိန်းကို မြိတ်ကျွန်းမှ တဆင့် မြိတ်မြို့သို့ ကောင်းကင်ဓာတ်အားကြိုးများဖြင့် သွယ်တန်းထုတ်လွှင့်ပေးသွားဖြစ်ကာ ထားဝယ်ခရိုင် နေရှင်နယ် ဓာတ်အားလိုင်းအထိ ချိတ်ဆက်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

" စက်ရုံ မြေဧရိယာကိုတော့ ဧက (၇၀) လောက်ကို အသုံးပြုသွားမှာ ဖြစ်တယ်၊ အစိုးရက ခွင့်ပြုပေးပါက စီမံကိန်းကာလကို (၃) နှစ်အတွင်း အပြီးတည်ဆောက်သွားမယ်’’ လို့ အထက်ပါ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

ဂက်စ်ဓာတ်ငွေ့ရည်ဖြင့် ထုတ်ယူအသုံးပြုမည့် လျှပ်စစ်မှာ  ရင်းနှီးမြှုပ်မှု MIC ခွင့်ပြုချက် မကျသေး၍ ရင်းနှီးမြှုပ်နှံမှုကို အတည်ပြု ထုတ်ပြန်နိုင်ခြင်း မရှိကြောင်း၊ လျှပ်စစ် သုံးစွဲ ယူနှစ်ကို လက်ရှိနှုန်းထားထက် လျှော့ချ အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးတွင် အမြင့်ဆုံး အသုံးပြုနေသော ခန့်မှန်း လျှပ်စစ်ပမာဏမှာ မဂါဝပ် (၃၀) မဂါဝပ်ရှိပြီး၊ ခရိုင်အလိုက် မြို့နယ်များတွင် မီတာသုံးစွဲယူနှစ် တစ်ယူနှစ်ကို ကျပ် ၄၀၀ နီးပါးအထိ ပေးဆောင်ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly