ရခိုင်တွင် ရေကြီးမှုကြောင့် စာသင်ကျောင်းများပျက်စီးသွားသော ကျေးရွာများတွင် ဓမ္မာရုံနှင့် အိမ်ကြီးများတွင် သင်ကြားပေးနေ

ရခိုင်တွင် ရေကြီးမှုကြောင့် စာသင်ကျောင်းများပျက်စီးသွားသော ကျေးရွာများတွင် ဓမ္မာရုံနှင့် အိမ်ကြီးများတွင် သင်ကြားပေးနေ
မြောက်ဦးမြို့နယ် စင်းဘောကိုင်းကျေးရွာက နွံများ ကျန်ရစ်ခဲ့သော စာသင်ကျောင်းကို တွေ့ရစဉ်။  ဓါတ်ပုံ- DMG

သြဂုတ် ၂၈ ။           ။ ရခိုင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် စာသင်ကျောင်းများ ပျက်စီးသွားသော ကျေးရွာများတွင် ဘုန်းကြီး ကျောင်းအတွင်းရှိ ဓမ္မာရုံများနှင့် လူနေအိမ် အကြီးများ တွင်ကျောင်းသား ၊ကျောင်းသူများကို ဆက်လက် ပညာသင်ကြားပေးနေကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးလှစိန်ထွန်း ကပြောကြားသည်။

သို့ဖြစ်၍ လက်ရှိတွင် စာမသင်ရသော ကျောင်းသူ၊ ကျောင်းသားများ မရှိတော့ကြောင်းလည်း ဦးလှစိန်ထွန်းက ပြောကြားသည်။ ၎င်းက "   ယာယီပိတ်နေတဲ့ စာသင်ကျောင်းတွေကို အကုန်လုံးဖွင့်လိုက် ပါပြီ။ ယာယီပိတ်ခဲ့တဲ့ ကျောင်းက မရှိတော့ဘူး။ " ဟု ပြောသည်။

ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၊ နှင့် လူနေအိမ်များတွင် သင်ကြားနေရသော ကျေးရွာများတွင် စက်တင် ဘာလအ တွင်း ယာယီစာသင်ကျောင်းများ ဆောက်ပေးမည်ဟုလည်း ဦးလှစိန်ထွန်းက ဆိုသည်။

ယင်းအပြင် လိုအပ်သော စာအုပ်များကိုလည်း ပို့ပေးမည် ဖြစ်ကာ ဝန်ကြီးဌာနနှင့် ပြည်နယ် ပညာရေး ပူးပေါင်းပြီး ပထမ အသုတ် အနေဖြင့် စာအုပ် ၄၉၇၂၅ စုံကို ပို့ပြီးဖြစ်ကာ ဘောပင် ၁၀၀၀၀ ကျော်၊ ခဲတံ ၁၀၀၀၀ ကျော် ပို့ပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဦးလှစိန်ထွန်းက  နောက်ထပ်လည်း ပေးဖို့ရှိပါတယ်။ ပညာရေးဦးစီးဌာန စာရင်းဇယားတွေ တောင်းလို့ ကျွန်တော် တို့လည်း ပို့ထားပြီး ဖြစ်ပါတယ်။ မကြာမီမှာတော့ ကျွန်တော်တို့ ဆီရောက်လာမှာဖြစ် ပါတယ်။ " ဟုပြောသည်။

လက်ရှိတွင် ရေကြီးမှု ဒဏ်ကို အဆိုးရွားဆုံးကို ခံခဲ့ရသည့် အခက်အခဲဖြစ်နေသော  ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့များသို့ ဦးစားပေး ပို့ထားပေးပြီးပြီဖြစ်ကြောင်းနှင့် နောက်ထပ်လိုအပ်မည့် စာအုပ်များ၊ ဘောပင်များ၊ ခဲတံများကိုလည်း ယင်းမြို့နယ်များအပြင် ကျန်မြို့နယ်များသို့ လည်း ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းအပြင် ကျောင်းဝတ်စုံများ၊ ကျောပိုးအိတ်များကိုလည်း ယူနီဆက်ဖ်၊  ပညာရေး ဝန်ကြီးဌာနနှင့်  ပညာရေးဌာနတို့ ပူးပေါင်းပြီး ဖြည့်ဆည်းသွားရန်  စီစဉ်ထားကြောင်းလည်း ဦးလှစိန်ထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ရေကြီးခဲ့မှုကြောင့် ပျက်စီးသွား၍ အသစ်ဆောက်လုပ်ရမည့် စာသင်ကျောင်းမှာ ၈၂ ဆောင်ရှိပြီး၊ ပြန်လည်ပြုပြင်ရမည့် ကျောင်းမှာ ၄၂၀ ရှိသည်။ရေကြီး ချိန်ကာလအတွင်း ကကျောင်းသား၊ကျောင်းသူများ  တစ်သိန်းကျော် ရက်ပေါင်း ၂၀ ခန့်  စာသင်ကြားခွင့် မရခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly