လူငယ်ဘောလုံးပွဲတော်တွင် ဘရာဇီးလ် လက်ရွေးစင် အက်ဒ်မီလ်ဆင် သင်ကြားပြသပေးမည်

လူငယ်ဘောလုံးပွဲတော်တွင် ဘရာဇီးလ် လက်ရွေးစင် အက်ဒ်မီလ်ဆင် သင်ကြားပြသပေးမည်
ဓာတ်ပုံ-MFF
 

မတ်လ ၂၇ ။            ။ CBF Camp With Edmilson at Myanmar လူငယ်ဘောလုံး ပွဲတော်အဖြစ် ဘရာဇီးလ်း လက်ရွေးစင်နှင့် ဘာစီလိုနာ ကွင်းလယ်လူဟောင်း အက်ဒ်မီလ်ဆင် ဦးဆောင်၍ MFF မြက်ခင်းတုကွင်းတွင် မြန်မာ လူငယ်များအား (၂)ရက်ကြာ သင်ကြားပြသပေးသွားမည် ဖြစ်သည်။

ဘောလုံးပွဲတော် အစီအစဉ်အရ မတ်လ ၂၈ ရက်နေ့ မနက် (ရး၀၀ မှ ၁၁း၃၀)နာရီတွင် အမျိုးသမီး ယူ ၁၂ ကလေးငယ် ၃၀ ဦးနှင့် အမျိုးသမီး ယူ ၁၃ ကလေးငယ် (၃၀)ဦးအားလည်းကောင်း၊ မတ်လ ၂၉ ရက်နေ့ မနက် (ရး၀၀ မှ ၁၁း၃၀)နာရီတွင် အမျိုးသား ယူ၁၂ ကလေးငယ် (၃၀)ဦးနှင့် အမျိုးသား ယူ ၁၃ ကလေးငယ် (၃၀)ဦးအား လည်းကောင်း အခြေခံ ဘောလုံး ပညာများ သင်ကြားပြသပေးသွားမည် ဖြစ်ပြီး မတ်လ ၂၉ ရက် ညနေတွင် လက်ရွေးစင် ယူ၁၃ (မြန်မာ)နှင့် လက်ရွေးစင် ယူ၁၃ (ဂျပန်)တို့ World Friendship Cup ပွဲစဉ်အား ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

အဆိုပါဘောလုံးပွဲတော် ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် CBF ၊ ဂျပန်အခြေစိုက် အာရှ လူငယ်ဘောလုံး ဖွံ့ဖြိုးရေး အဖွဲ့အစည်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကို မတ်လ ၂၇ ရက်၊ နံနက် ၁၀ နာရီက နိုဗိုတယ် ရန်ကုန်မက်စ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

" လက်ရှိမြန်မာ့ လူငယ်ဖွံဖြိုးရေး အစီအစဉ်တွေမှာ ဂျပန်ဘောလုံး အဖွဲ့ချုပ်ရဲ့ ကူညီပေးမှုတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နဲ့ ဂျပန်ဘောလုံး အဖွဲ့ချုပ်အကြားမှာ ခိုင်မာတဲ့ ရင်းနှီးမှုတွေ ရှိသလို ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် နဲ့ဆိုရင်လည်း အရင်ကတည်းက ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိပါတယ်။ CBF Camp ကနေ လူငယ်တွေအတွက် တန်ဖိုးရှိတဲ့ နည်းစနစ်တွေနဲ့ ဘောလုံးအားကစားကို ချစ်မြတ်နိုးတဲ့စိတ် ပိုမိုပြင်းထန်လာ စေမှာပါ" ဟု ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောခဲ့ကြောင်း MFF က ထုတ်ပြန်သည်။

သတင်းစာရှင်းလင်းပွဲတွင် အာရှ လူငယ်ဘောလုံး ဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဒီဒဲရိုရှီ ဟီယာရာမ၊ ဘရာဇီးလ် လက်ရွေး စင် ကွင်းလယ်လူဟောင်း အက်ဒ်မီလ်ဆင် နှင့် ဂျေလိဂ် ကစားသမားဟောင်း ဟာရာရှီ တို့ တက်ရောက်ခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly