အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်ရှာနေခြင်းထက် နိုင်ငံဖွံ့ဖြိုးရေးသွားရန် အချိန်ရောက်နေပြီ ဟု တပ်ချုပ် ပြော

အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်ရှာနေခြင်းထက် နိုင်ငံဖွံ့ဖြိုးရေးသွားရန် အချိန်ရောက်နေပြီ ဟု တပ်ချုပ် ပြော

နေပြည်တော် ၊ မတ်လ ၂၇ ။             ။ မြန်မာနိုင်ငံသည် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် အာဆီယံနိုင်ငံတွင်းမှာပင် ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲ နောက်ကျကျန်နေသောကြောင့် အတိတ်ကို လက်ညှိုးထိုး အပြစ်ရှာနေခြင်းထက် အတိတ်အပေါ်မှာ သင်ခန်းစာယူကျကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် စည်းစည်းလုံးလုံး ကြိုးစားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ပြောကြားသည်။

“သူများနိုင်ငံတွေကို အမှီလိုက်နိုင်ဖို့ သူများခြေတစ်လှမ်းလှမ်းရင် ကိုယ်က ခြေလှမ်းများစွာ လှမ်းနိုင်မှ ဖြစ်မယ်။ ဒီနေရာမှာ လူမျိုး၊ဘာသာ ခွဲခြားမှု မရှိဘဲ မြန်မာစိတ် မွေးပြီး နိုင်ငံတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နဲ့ ကြိုးစားသွားကြဖို့လိုတယ်။ အတိတ်ကို လက်ညှိုးထိုးပြီး အပြစ် ရှာနေတာထက် အတိတ်အပေါ်မှာ သင်ခန်းစာဖော်ထုြတ်ပီးနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားကြဖို့ အချိန်ရောက်နေပြီဖြစ်သည်” ဟု ၎င်းပြောကြားသည်။

ယနေ့ နံနက်ပိုင်းက (၇၃) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်ရှိ စစ်ရေးပြကွင်း၌ ကျင်းပခဲ့သည့် အခမ်းအနားမိန့်ခွန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်လာသည့် ဆက်သွယ်ရေး ကွန်ယက်များမှာ သတင်းအချက်အလက်များဟာ ပေါက်ကွဲ လုမတတ် များပြားလာသောကြောင့် တပ်မတော်သားများ အနေဖြင့် အသိတရား လက်ကိုင်ထားပြီး ခွဲခြမ်းစိတ်ဖြာဖို့လို့ပြီး လွတ်လပ်ရေး ရခါစတွင် နိုင်ငံရေးပါတီများ၏ လက်ကိုင်တုတ် များ ဟာ ၎င်းတို့၏အာဏာ လွန်ဆွဲပွဲတွင် အနိုင်ရရှိရေးအတွက် တပ်မတော်ကို အသုံးချဖို့ တပ်မတော်တွင်း လမ်းကြောင်းများကနေ သွေးထိုးလှုံ့ဆော်မှုပြုလုပ်ခဲ့သောကြောင့် ထိုကဲ့သို့ တပ်မတော်ကို ပြိုကွဲ အောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် အခြေအမြစ်မရှိသော ပြောဆိုရေးသားမှုများကို သတိတရား၊ အသိတရားများနဲ့ ယှဉ်ပြီးတုံ့ပြန်သွားရမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“နိုင်ငံရေး အကူးအပြောင်းကာလမှာ တပ်မတော်ကို နိုင်ငံရေး သိက္ခာကျအောင် ၊ ပြည်သူလူထု ယုံကြည်မှု ပျက်ပျားအောင် တပ်မတော်သားအချင်းချင်း စည်းလုံးညီညွှတ်မှု ပြိုကွဲအောင် ၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းအချို့က နည်လမ်းမျိုးစုံနဲ့ ထိုးနှက်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာတဲ့ အတွက် အဲ့ဒီ တိုက်ခိုက်မှုများကို ဆင်ခြင်သုံးသပ်ပြီးတပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားကြရမှာ ဖြစ်တယ်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ဆက်လက်ပြောကြားသည်။

ယနေ့ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်သားများနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၂၄၃၄ ဦး နှင့်အတူ တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေးဂျက်လေယာဉ် များ စသည်တို့နှင့် စစ်ရေးပြခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်က တပ်ဖွဲ့ဝင်များ၏ စစ်ရေးပြကွက်များကို လမ်းလျောက်စစ်ဆေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly