မြိတ်ကျွန်းစုထွက် ရွှေအိုရောင်မြန်မာ့ပုလဲ လူကြိုက်များ၍ အများဆုံးထုတ်လုပ်ရန် သုတေသန လုပ်သွားမည်

မြိတ်ကျွန်းစုထွက် ရွှေအိုရောင်မြန်မာ့ပုလဲ လူကြိုက်များ၍ အများဆုံးထုတ်လုပ်ရန် သုတေသန လုပ်သွားမည်

မြိတ်၊ မတ်လ ၂၇ ။            ။ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်ကျွန်းစုနှင့် ကော့သောင်းမြို့နယ်တို့ရှိ ကျွန်းများတွင် မွေးမြူလျက်ရှိ သော မြန်မာ့ပုလဲများအနက် ရွှေအိုရောင်ပုလဲကို   နှစ်ခြိုက်သူများပြားနေသောကြောင့် အလုံးအရင်းနှင့် ထုတ်လုပ်နိုင်ရန် သုတေသနလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်းမှ ထွက်ရှိသည့် ရွှေအိုရောင် မြန်မာ့ပုလဲသည် ရောင်းအား အကောင်ဆုံး ဖြစ်ပြီး၊ အများအားဖြင့် အာရှဒေသဘက်မှ ဝယ်ယူကြပြီး မြိတ်ဒေသသို့ လာရောက်သော ဧည့်သည်များမှ တဆင့် ပြန်လည်ရောင်းချရန် ဝယ်ယူမှုများရှိနေကြောင်း သိရသည်။

 “ ကျွန်တော်တို့က ရွှေအိုရောင်ပုလဲနဲ့ ပတ်သက်ပြီး၊ အခု နိုင်ငံပိုင် ပုလဲမွေးမြူရေးနှင့် ပြည်တွင်းပြည်ပက ပုလဲမွေးမြူရေးစခန်းကုမ္ပဏီတွေကို ရွှေအိုရောင်ပုလဲမွေးမြူရေး သုတေသနတွေကို လုပ်ဆောင်ခိုင်းထားပါ တယ်၊ မြိတ်ကျွန်းစုဒေသမှာ ပုလဲမွေးမြူရေး ထွက်ရှိတဲ့ မုတ်ကောင်များမှာ ငွေရောင်ပုလဲထွက်ရှိတဲ့ အကောင်က နည်းပါးတဲ့ အတွက်ကြောင့်မို့လို့ လက်ရှိမှာ ရွှေရောင်ပုလဲကို အဓိကထား ထုတ်လုပ်မယ်လို့ ရည်ရွယ်ထားပါတယ်၊ ဒါကြောင့် ပုလဲမွေးမြူရေးနဲ့ ပတ်သက်ပြီး သုတေသနတွေ အများကြီး ဆောင်ရွက်နေပါ တယ်၊ ရွှေအိုရောင်ပုလဲများကို အလုံးအရင်းနဲ့ ထုတ်လုပ်မွေးမြူရောင်းချနိုင်ဖို့ ကြိုးစားနေတယ်” ဟု မြိတ်မြို့နယ် မြိတ်ကမ်းနားလမ်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးမျိုးလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ပုလဲသည် အဓိကအားဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်း ကျွန်းများနှင့် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ရှိ ကျွန်းများရှိ ပုလဲမွေးမြူရေးစခန်းများတွင် ထုတ်လုပ်မွေးမြူလျှက်ရှိပြီး နိုင်ငံပိုင်ပုလဲမွေးမြူရေးစခန်းနှင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ပုလဲမွေးမြူရေး ကုမ္ပဏီများ စုစုပေါင်း ၁၂ ခုရှိကြောင်း သိရသည်။

မြိတ်ဒေသသည် လက်ရှိခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနေပြီး ပြည်တွင်း/ ပြည်ပ ခရီးသွားများက မြိတ်ဒေသထွက် ပုလဲများအနက် ရွှေအိုရောင်ပုလဲများကို စိတ်ဝင်တစားဝယ်ယူအားပေးမှုများ လာကြောင်း မြန်မာ့ပုလဲရောင်း/ဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

“ မြန်မာ့ပုလဲ ရောင်း/ ဝယ်ရေး အခြေအနေနဲ့ကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကထက် အခု ဆိုလျှင် ပိုပြီးတော့ ရောင်းအား တက်လာတာ တွေ့ရပါတယ်၊ နောက်ပြီး ပြည်တွင်း/ ပြည်ပ ခရီးသွားတွေ များလာတော့ မြိတ်ဒေသမှာလည်း ပုလဲရောင်းချတဲ့ ဆိုင်တွေလည်း များလာတာကို တွေ့ရပါတယ်၊ ဒါကို ကြည့်ခြင်း အားဖြင့် မြိတ်ကျွန်းစုဒေသထွက် ရွှေအိုရောင်ပုလဲကို ကမ္ဘာက စိတ်ဝင်စားမှု မြှင့်တက်လာတယ်လို့ ပြောလို့ရနိုင်ပါတယ်” ဟု   မြိတ်မြို့မှ Royal Pearl မြန်မာ့ပုလဲနှင့် စိန်ရတနာ ရောင်းဝယ်ရေးဆိုင်မှ ဒေါ်ပွင့်ဖြူဖြူနိုင်က ပြောသည်။

မြိတ်ကျွန်းစုဒေသထွက် ရွှေအိုရောင် မြန်မာ့ ပုလဲသည်၊ ကမ္ဘာမှ စိတ်ဝင်စားမှု မြှင့်တက်နေပြီး  အာရှနှင့် ဥရောပ နိုင်ငံအများစုမှ ကုန်သည်များ လာရောက်ဝယ်ယူကြကာ ဂျပန်၊ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ၊ ထိုင်း၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့မှ အများဆုံးလာရောက်ဝယ်ယူကြကြောင်း ရောင်းချသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က  ဟောင်ကောင်မှာ ကျင်းပ ပြုလုပ်သော ၆ ကြိမ်မြောက် ကျောက်မျက်ရတနာအရောင်းပြပွဲတွင်လည်း မြန်မာ့ပုလဲများကို သွားရောက် ပြသခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly