စတုတ္ထမြောက် ပွင့်သစ်စအစီရင်ခံစာအရ FMI က သတင်းအချက်အလက်ထုတ်ဖော်ပြသမှု အများဆုံးဖြစ်

စတုတ္ထမြောက် ပွင့်သစ်စအစီရင်ခံစာအရ FMI က သတင်းအချက်အလက်ထုတ်ဖော်ပြသမှု အများဆုံးဖြစ်

 

မတ်လ ၂၆ ။                          ။ မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုကို အကဲဖြတ်ထားသည့်  စတုတ္ထမြောက် ပွင့်သစ်စအစီရင်ခံ စာအရ ၂၀၁၈ ခုနှစ် သတင်းအချက်အလက် ထုတ်ဖော်ပြသမှုအများဆုံး ကုမ္ပဏီအဖြစ် FMI (First Myanmar Investment) က ရပ်တည်နေကြောင်း သိရသည်။

အဆိုပါအစီရင်ခံစာကို မတ်လ ၂၆ ရက်က မြန်မာ့စီးပွား ရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်သည့် Yever နှင့် ပထမဆုံး အကြိမ်အဖြစ် တွဲဖက်ဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းအစီရင်ခံစာတွင် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများအပါအဝင် မြန်မာ့ ကုမ္ပဏီ (၁၈၂) ကို အကဲဖြတ် အမှတ်ပေးထားခြင်းဖြစ်ရာ တတိယအကြိမ်ထုတ်ပြန်သည့် ၂၀၁၆ ပွင့်သစ်စ အစီရင်ခံစာတွင် အကဲဖြတ်ခဲ့သည့် ကုမ္ပဏီအရေအတွက်ထက် နှစ်ဆနီးပါး ပိုများသလို အကဲဖြတ်သည့် စံနှှုန်း နှင့် တိုင်းတာမှုများကလည်း နှစ်ဆခန့် ပိုများကြောင်း သိရသည်။

MCRB ၏ ဒါရိုက်တာ ဗစ်ကီဘိုမန်က " ဒီနှစ်ပွင့်သစ်က အဆင့်တွေ ပြောင်းထားတယ်။ ကုမ္ပဏီလည်း ပိုများ လာတယ်။ အာဆီယံ စီးပွားရေး၊ စီမံအုပ်ချုပ်မှု (ACG) အမှတ်ပေးစည်းမျဉ်းတွေကို အခြေခံပြီး ပြုစုထားတဲ့ အတွက် အကဲဖြတ်အမှတ်ပေးချက်တွေကလည်း ပိုကျယ်ပြန့်လာတယ်။ မနှစ်က ထိပ်ပိုင်းမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတွေကပဲ အနည်းနဲ့ အများဆိုသလို ထိပ်ပိုင်းမှာပဲ ဆက်ရှိတယ်။ သုံးနှစ်ဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ခြင်းနဲ့ အဆင့်အတန်းမြင့်တဲ့ စီးပွားရေးလုပ်ငန်းစီမံအုပ်ချုပ်မှုကို ပြသနိုင်တဲ့အတွက် FMI ကို ဂုဏ်ပြုသင့်ပါတယ်" ဟု ဆိုသည်။

၂၀၁၈ ခုနှစ် အမှတ်ပေးစည်းမျဥ်းအရ သတင်းအချက်အလက်များ ထုတ်ဖော်ပြသမှု အများဆုံးအဖြစ် FMI ၊ City Mart Holdings (CMHL) နှင့် Serge Pun & Associates (SPA) တို့က အစဉ်လိုက်ရပ်နေပြီး အခြား ကုမ္ပဏီများဖြစ်သည့် ဧရာဘဏ်နှင့် မက်စ်မြန်မာ၊ ရွှေတောင် နှင့် Grand Guardian Insurance (GGI)၊ Dagon Group နှင့် Myanmar Thilawa SEZ Holdings တို့မှ ရမှတ်မြင့်မားသည့် ကုမ္ပဏီများစာရင်းတွင် ပါဝင် နေကြောင်း သိရသည်။

မြန်မာ့သြဘာ၊ မြန်မာနိုင်ငံသားများဘဏ်နှင့် ပထမပုဂ္ဂလိကဘဏ်တို့မှလည်း ယခင်နှစ်အစီရင်ခံစာနှင့် နှိုင်း ယှဉ်ပါက စီးပွားရေးလုပ်ငန်းစီမံအုပ်ချုပ်မှု အပိုင်းကို တိုးမြှင့်ဖော်ပြနိုင်သည့်အတွက် ရမှတ်များ သိသာစွာ မြင့်မားလာကြောင်း MCRB ကထုတ်ပြန်ထားသည်။

"ကောင်းတဲ့အချက်အနေနဲ့ ဘာမြင်ရသလဲဆိုရင်အချို့ (အမှတ်အများဆုံးရတဲ့)ထိပ်ပိုင်းကုမ္ပဏီတွေက ရေရှည်တည်တံ့ရေးနဲ့ အစီရင်ခံခြင်းအပိုင်းတွေမှာ ကမ္ဘာမှာသုံးတဲ့ နည်းလမ်းကောင်းတွေကို ခေတ်မီစွာ ကျင့်သုံးတာကိ တွေ့ရတယ်။ ဒါကစီးပွားရေးလုပ်ငန်းရေရှည်တည်တံ့ရေးအတွက် လုပ်ကိုင်ရာမှာ အလှူလုပ် တာတဲ့ ယဉ်ကျေးမှု မရှိစေတော့ဘူး။ အားလုံးအကျုံးဝင်မှုကိုလည်း စီးပွားရေးလုပ်ငန်းရဲ့ အဓိကလုပ်ဆောင် ချက်မှာ ထည့်သွင်းစေမှာဖြစ်ပါတယ်" ဟုဆိုသည်။

မြန်မာ့စီးပွား ရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)က မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုကို အကဲဖြတ်သည့် ပွင့်သစ်စအစီရင်ခံစာကို ၂၀၁၄ ခုနှစတင် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး MCRB ကို ယူကေ အခြေစိုက် Institute For Human Rights and Business (IHRB) နှင့် ဒိန်းမတ်နိုင်ငံအခြေစိုက် Danish Institute For Human Rights (DIHR) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယူကေ၊ နော်ဝေး၊ ဆွစ်ဇာလန်၊ နယ်သာလန်နှင့် အိုင်ယာလန်တို့၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းကာ ရန်ကုန်မြို့တွင် အခြေစိုက်ဖွင့်လှစ်ထား ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly