ရန်ကုန် - ဖူးခက် တိုက်ရိုက်ခရီးစဉ်ကို MNA မှ တစ်ပတ်လျှင် နှစ်ကြိမ်ပြေးဆွဲမည်

ရန်ကုန် - ဖူးခက် တိုက်ရိုက်ခရီးစဉ်ကို MNA မှ တစ်ပတ်လျှင် နှစ်ကြိမ်ပြေးဆွဲမည်
Yangon International Airport, Yangon. Photo: Myanmar National Airlines

 

မတ်လ ၂၆ ။           ။ ရန်ကုန် - ဖူးခက် တိုက်ရိုက်ခရီးစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ်ဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ မတ်လ ၂၅ ရက်တွင် စတင်ပျံသန်းပြေးဆွဲနေကြောင်း သိရသည်။

ခရီးသည် ၁၀၀ လိုက်ပါစီးနင်းနိုင်သည့်  Embraer E190 / Boeing 737 – 800 NG  အမျိုးအစားလေယာဉ်နှင့် ရန်ကုန် - ဖူးခက် - ရန်ကုန် အသွားအပြန် ခရီးစဉ် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁၀ မှ စတင်ဝယ်ယူစီးနင်းနိုင်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း( MNA) မှ သိရသည်။

အဆိုပါ ခရီးစဉ်သစ်သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို တိုက်ရိုက် ဆက်သွယ်ပေးထားပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။

လက်ရှိတွင် MNA အနေဖြင့်  အာရှ ဒေသတွင်း မြို့များဖြစ်သော စင်္ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ချင်းမိုင်၊ ဗုဒ္ဓဂါယာတို့ကို တိုက်ရိုက်ပြေးဆွဲနေပြီး ယခု ဖူးခက်ခရီးစဉ်ကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

]

ခရီးစဉ်သစ်စတင်ပြေးဆွဲပျံသန်းခြင်းအထိမ်းမှတ်အခမ်းအနားကို  မတ်လ ၂၅ ရက်တွင် Terminal 2 တွင် ကျင်းပပြုလုပ် ခဲ့ပြီး ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်မျိုး၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမင်းလွင်၊ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ CEO Capt. ဦးသန်းထွန်း နှင့် Yangon Aerodrome Company Limited (YACL) ၏ Chief Operating Officer Mr. Jose Angeja တို့ တက်ရောက်ခဲ့သည်။

 “ဒီခရီးစဉ်ဟာ ကျွန်တော်တို့ မြန်မာအမျိုးးသားလေကြောင်းလိုင်းအနေနဲ့ သုံးနှစ်အတွင်းမှာ ဆဋ္ဌမမြောက ်ပျံသန်းတဲ့မြို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဒေသအတွင်းမှာ စင်္ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ချင်းမိုင်၊ ဗုဒ္ဓဂါယာနဲ့ ဖူးခက်ကို ပြေးဆွဲပျံသန်းနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံပိုင်လေကြောင်းလိုင်းအနေနဲ့ သုံးနှစ်အတွင်းမှာ ကြိုးစားပြီးတော့ တိုးချဲ့ပျံသန်းနေခြင်း ဖြစ်ပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ CEO Capt. ဦးသန်းထွန်းက ပြောသည်။

ခရီးစဉ်သစ်ကို မတ်လ ၂၅ ရက် ညနေ ၅နာရီ ၅၅မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ကြကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly