ဒေါ်စု လတ်တလော အနားယူဖို့မရှိ၊ သူရှိမှဖြစ်မယ့် အနေအထားမျိုးလည်း မလိုလား

ဒေါ်စု လတ်တလော အနားယူဖို့မရှိ၊ သူရှိမှဖြစ်မယ့် အနေအထားမျိုးလည်း မလိုလား
ပြီးခဲ့သည့်နှစ်က ကချင်စစ်ဘေးရှောင်စခန်းတစ်ခုသို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၂၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဒေါ်အောင်ဆန်းစုကြည်က တာဝန်မှ အနားယူလိုကြောင်း ယမန်နေ့ညက ပြောကြားလိုက်ပြီး ထိုပြောဆိုချက်သည် လတ်တလောအနားယူမည့် သဘောမဟုတ်ကြောင်း အာဏာရ NLD ပါတီ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ရှင်းလင်းပြောကြားလိုက်သည်။

ယမန်နေ့ညပိုင်းက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်နေအိမ်တွင် ပြုလုပ်သည့် ညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဖြစ်နိုင်ပါက အနားယူလိုကြောင်းနှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို အလုပ်ကြိုးစားကြရန် ပြောဆိုခဲ့သည်။

“ဒါက သူပြောနေကျစကားပါ။ သူအမြဲတမ်း ပြောပါတယ်။ သူရှိမှ ဖြစ်တယ်ဆိုတဲ့ဟာမျိုးကို မဖြစ်စေချင်ဘူးပေါ့။ သူ မရှိလည်းဖြစ်တယ်၊ အားလုံးက လုပ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်စေချင်တယ်ဆိုတဲ့သဘောမျိုး ပြောတာပါ။ အခု လတ်တလော အနားယူတော့မယ်ဆိုတဲ့သဘောမျိုး လုံးဝ မဟုတ်ပါဘူး” ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။

လက်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသော အသက်(၇၂)နှစ်ကျော်အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မျိုးဆက်သစ်များကို ပြုစုပျိုးထောင်စေချင်သည့်ဆန္ဒဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေါက်တာမျိုးညွှန့်က ရှင်းပြသည်။

 “သူ့နေရာကို အစားထိုးနိုင်တဲ့သူတွေ ဖြစ်စေချင်တယ်ဆိုတာကို ပြောတာပါ။ သူလည်း လူ့သဘာဝအရ ဘယ်နှစ်နှစ်လုပ်နိုင်မှာတုန်း” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်းဖြစ်သူ ဒေါက်တာညိုညိုသင်းက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီဝင် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်များ၏ လုပ်ဆောင်ချက်အပေါ် အားမရသောကြောင့် ထိုသို့ ပြောဆိုခြင်း ဖြစ်နိုင်သည်ဟု မှတ်ချက်ပြုသည်။

“ခေါင်းဆောင်ဖြစ်တဲ့သူက အနားယူချင်တယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ထဲမှာ အနားယူလို့မရသေးတဲ့ ဟန့်တားချက်မျိုး သူ့မှာ ရှိနေလို့သာ ဒီလိုမျိုး ပြောတာနေမှာပေါ့။ သူအားမရလို့ပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူအားမရလို့ ဒီလိုမျိုး အသံထွက်လာတယ်လို့ သုံးသပ်တယ်” ဟု ၎င်းက ပြောသည်။

NLD ပါတီတွင် ဒေါ်အောင်ဆန်းစုကြည် မရှိပါက နိုင်ငံရေးအရ လူထုထောက်ခံမှု ကျသွားနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနားယူပါက သူ့နေရာတွင် ဦးဆောင်နိုင်မည့်သူကို ပြည်လည်ဖွဲ့စည်းပြီး စနစ်တကျ သတ်မှတ်ထားမှသာလျှင် လူထုထောက်ခံမှု ဆက်လက်ရရှိနိုင်မည်ဟု ၁၉၉၀ခုနှစ် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဦးနိုင်းနိုင်းကလည်း သုံးသပ်ပြောဆိုသည်။

“အခု ဒေါ်အောင်ဆန်းစုကြည်က လူထုထောက်ခံတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ သို့သော်လည်း ပါတီတစ်ခုရဲ့ စနစ်တကျ ဖွဲ့စည်းမယ့်၊ ဦးဆောင်နိုင်မယ့် စည်းစနစ်ရှိတဲ့ ခေါင်းဆောင်အနေနဲ့ သူလုပ်ခဲ့တာ မဟုတ်ဘူး။ အများကြိုက်တဲ့ ပေါ်ပြူလာဖြစ်တဲ့ခေါင်းဆောင်အနေနဲ့ သူလုပ်ခဲ့တာ။ ဒီပါတီက ဦးဆောင်မှုကဏ္ဍမှာ တော်တော်လေးကို ဦးဆောင်ဦးရွက်ပြုတဲ့ ဖွဲစည်းမှုကဏ္ဍမှာ အားနည်းနေတယ်” ဟု ဦးနိုင်းနိုင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ တတိယပတ်အတွင်းက ပြည်ပခရီးစဉ်အဖြစ် ဩစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း အာဆီယံ- သြစတြေးလျ အထူးထိပ်သီးအ စည်းအဝေး တက်ရောက်ခြင်း၊ သြစတြေးလျနိုင်ငံဝန်ကြီးချုပ်နှင့် သီးသန့်တွေ့ဆုံခြင်း၊ အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဘီလ် ရှောတန်နှင့် တွေ့ဆုံခြင်း၊ သြစတြေးလျနိုင်ငံရောက် မြန်မာအ သိုင်းအဝိုင်းနှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့သေးသည်။

ကနဦးက ဆစ်ဒနီမြို့ရှိ Lowy Institute ၌ မိန့်ခွန်းပြောကြားခြင်းနှင့် အမေးအဖြေများပြုလုပ်ရန် စီစဉ်ထားသော်လည်း ကျန်းမာရေးအခြေအနေအရ မိန့်ခွန်းပြောမည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly