အောင်လအန်ဆန် ကချင်ဒေသခံကက်သလစ် ဘာသာဝင်များနှင့် တွေ့ဆုံ

အောင်လအန်ဆန် ကချင်ဒေသခံကက်သလစ် ဘာသာဝင်များနှင့် တွေ့ဆုံ
Photo-AFP

ချင်းမိုင်၊ မတ်လ ၂၅ ။           ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရောက်ရှိနေသော One Championship ကမ္ဘာ့ချန်ပီယံ ဆု ၂ ခု ရရှိထားသူ အောင်လအန်ဆန်ကို မတ်လ ၂၄ ရက်နေ့က ကက်သလစ်အသင်းတော်မှတွေ့ဆုံကာ ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

အောင်လအန်ဆန်သည် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ကက်သလစ်အသင်းတော်၏ စိန်ကလန်ဘန်ကယ်ဒြယ် ဘုရားကျောင်းတွင် ကက်သလစ်ဘာသာဝင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ဆရာတော် ဖရန်စစ်ဒေါ့တန်က  အောင်လ အန်ဆန်အား ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့သည်။

 “သူက မြစ်ကြီးနားရောက်တုန်း ကြုံတုန်း ဒေသမှာရှိတဲ့ အသင်းတော်မှာရှိတဲ့ လူကြီးလူငယ်တွေ သူ့ရဲ့ အောင်မြင်မှုတွေ၊ သူ့ကို အားပေးမှုတွေအပေါ် အချင်းချင်းခွန်းအားယူဖို့ ဂုဏ်ပြုအနေနဲ့ ဒီမှာ ခေါ်တွေ့တာပါ” ဆရာတော် ဖရန်စစ်ဒေါ့တန်က ပြောသည်။

အောင်လအန်ဆန်အား ကချင်ရိုးရာပလိုင်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး  ဂုဏ်ပြု မှတ်တမ်းပေးအပ်ခဲ့သည်။ အောင်လအန်ဆန်က  လူငယ်များကို ပညာကြိုးစားကြရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှု မလုပ်ကြရန် တိုက်တွန်းအားပေးစကားပြောကြားခဲ့သည်ဟု ဘုန်းတော်ကြီး ဖရန်စစ်ဒေါ့တန်က ပြောသည်။

“သူ့အနေနဲ့ သူ့အတွေ့အကြုံတွေ လူငယ်တွေအတွက် ပညာဆိုတာ အရေးကြီးတယ်။ မူးယစ်ဆေးဝါးနဲ့ တခြား အချိန်ဖြုန်းနေမဲ့အစား ဝိဉာဉ်ကိုယ်ကာယအတွက် အရေးကြီးတဲ့ လေ့ကျင့်ခန်းတွေ၊ ချိင့်ချိ်န်မှုတွေ လိုအပ်တယ်ဆိုတာ ဖလှယ်တယ်”ဟု ဆက်ပြောသည်။

အောင်လအန်ဆန်သည် လာမည့် ဇူလိုင်လတွင် ကစားပွဲ တစ်ခု ဝင်ပြိုင်ရမည်ဖြစ်ကာ မြစ်ကြီးနားမြို့မှ အမေရိကန်သို့ ရောက်ရောက်ချင်း လေ့ကျင့်ခန်းဝင်ရတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မတ် ၂၃ ရက်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့က အောင်လအန်ဆန်အား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ နှင့်အတူ ဂုဏ်ပြုလက်မှတ်ကို ချီးမြှင့်ခဲ့သည်။

အောင်လသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ၃၈ ကြိမ်မြောက် လူထုအစည်းအဝေးသို့ တက်ရောက်ခဲ့ကာ စစ်ရှောင်များအတွက် ကျပ်သိန်း ၂၀၀ ပေးအပ်ခဲ့သည်။

အောင်လ အန်ဆန်သည် မြစ်ကြီးနားမြို့သို့ မတ်လ ၁၉ ရက်နေ့တွင် သူ၏ ဇနီး ဒေါ်ဝဒတ်ဂျာလိုင် (ခ) ကက်သရိန်း အိုလီမန် (Wadat Ja Lai @ Katharine Olimant) နှင့် သား အန်ဆန်အောင်ဒီး တို့နှင့်အတူ ရောက်ရှိခဲ့ပြီး သူ၏ နေအိမ်တွင် အောင်မြင်မှုအတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။ ယင်းနောက် ကချင်စစ်ရှောင်များကို သွားရောက်ကြည့်ရှု၍ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။

မြစ်ကြီးနားမြို့ ဒူကထောင်ရက်ကွက်တွင် မွေးဖွားခဲ့သော အောင်လအန်ဆန်သည် အမေရိကန်နိုင်ငံသား ခံယူထားသော်လည်း One Shampionship ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly