မလေးရှား၌ ဘုရားဝတ်ပြုရာနေရာများကို တိုက်ခိုက်ရန်စီစဉ်နေသော အိုင်အက်စ်အဖွဲ့ဝင်များကို ဖမ်းဆီး

မလေးရှား၌ ဘုရားဝတ်ပြုရာနေရာများကို တိုက်ခိုက်ရန်စီစဉ်နေသော အိုင်အက်စ်အဖွဲ့ဝင်များကို ဖမ်းဆီး

ကွာလာလမ်ပူ၊ မတ် ၂၅ ။            ။ မလေးရှားနိုင်ငံ ဂျိုဟာမြို့နှင့် ဆာဘားမြို့တို့တွင် အကြမ်းဖက်သမားဟုသံသယရှိရသော တရားခံ ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို ၇ ဦးထဲမှ ၆ ဦးမှာ မလေးရှားနိုင်ငံအတွင်းရှိ အစ္စလာမစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့၏ အဖွဲ့ငယ်လေးမှ ဖြစ်ပြီး မွတ်စလင်မဟုတ်သူများ၏ ဘုရားဝတ်ပြုရာနေရာများကို တိုက်ခိုက်ရန်နှင့် ရဲအရာရှိများကိုသတ်ဖြတ်ရန် ကြံစဉ်နေစဉ် ဂျိုဟာမြို့၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်အဘူဆေယက်ဖ်အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးကို ဆာဘား မြို့၌ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ထိုသံသယတရားခံအားလုံးကို ဖေဖေါ်ဝါရီ ၂၇ ရက်နေ့နှင့် မတ်လ ၁၅ ရက်နေ့တို့ကြားတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပထမဦးဆုံးအကြိမ်ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း၌ ရဲတပ်ဖွဲ့သည် ဂျိုဟာဘာရူရှိ ဘုရားဝတ်ပြုရာနေရာများ ကို တိုက်ခိုက်မှုပြုလုပ်ရန် နောက်ကွယ်မှအကွယ်ချစီစဉ်နေသော အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ သူသည် စစ်သွေးကြွတပ်သားသစ်များကို စုဆောင်းနေသူလည်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးအရာရှိ မိုဟာမက်ဖူဇီဟာရန်က ဆိုခဲ့သည်။

“ဒုတိယမြောက်သံသယတရားခံဟာ အသက် ၄၉ နှစ်အရွယ် လုံခြုံရေးအစောင့်တစ်ဦးဖြစ်ပြီး သူဟာအကြမ်း ဖက်အဖွဲ့ငယ်လေးရဲ့ အကြံပေးသူတစ်ဦးဖြစ်ပါတယ်” ဟု သူက ပြောခဲ့သည်။ တတိယမြောက်တရားခံမှာ အသက် ၃၀ အရွယ်ရှိ လုံခြုံရေးတစ်ဦးပင်ဖြစ်ပြီး သူသည်အခြားနိုင်ငံများမှတဆင့် လက်နက်ခဲယမ်းများကို ချိတ်ဆက်ယူဆောင်ပေးနေသူဖြစ်သည်။

ဒါ့အပြင် အသက် ၂၂၊ ၂၃ နှင့် ၂၅ အရွယ်အသီးသီးရှိသော တရားခံ ၃ ဦးကိုလည်း နောက်ထပ်ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

အဘူဆေယက်ဖ်အဖွဲ့မှ အကြမ်းဖက်သမားတစ်ဦးကိုမူ မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုသူသည်အဖွဲ့ခေါင်းဆောင်၏ ယုံကြည်ကိုးစားမှုကို ရရှိထားသူတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ထိုသူသည် ဖိလစ်ပိုင်နိုင်ငံသားဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း၌ ပြန်ပေးဆွဲမှုများပြုလုပ်ခဲ့သူဖြစ်သလို ဖောက်ခွဲ ရေးပစ္စည်းများကိုလည်း ကျွမ်းကျင်စွာပြုလုပ်နိုင်သူဖြစ်သည်ဟု မလေးရှားရဲတပ်ဖွဲ့က ဖြည့်စွက်ပြောဆိုခဲ့သည်။

တရားခံများအားလုံးသည် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်တွင် အိမ်နီးချင်းနိုင်ငံတစ်ခုသို့ ထွက်ပြေးတိမ်းရှောင်ကာ ထိုမှတဆင့်ဒုက္ခသည်အဖြစ်ခံယူရန် စီစဉ်ထားကြောင်း ရဲအရာရှိကြီးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly