အီဂျစ်၌ လုံခြံုရေးအကြီးအကဲ၏ ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိတစ်ဦးသေဆုံး

အီဂျစ်၌ လုံခြံုရေးအကြီးအကဲ၏ ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိတစ်ဦးသေဆုံး

အလက်ဇန်ဒရီရာ ၊အီဂျစ်၊ မတ် ၂၅ ။             ။ အီဂျစ်နိုင်ငံ၌ သမ္မတရွေးကောက်ပွဲမကျင်းပမီ ၂ ရက်အလို စနေနေ့က အလက်ဇန်ဒရီရာမြို့၏ လုံခြုံရေး အကြီးအကဲအား ပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

ဗိုလ်ချုပ်ကြီး မိုစတာဖာအယ်လ်နီမာအား မြေထဲပင်လယ်မြို့ဖြစ်သော အလက်ဇန်ဒရီရာရှိ သူနေထိုင်ရာနေရာ သို့ ယာဉ်တန်းဖြင့်လိုက်လံပို့ဆောင်စဉ်တွင် ကားဗုံးခွဲ၍ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့ ကြောင်း အစိုးရသတင်းပြန်ကြားရေးရုံးက ဆိုခဲ့သည်။

ဗိုလ်ချုပ်ကြီးနီမာသည် ယာဉ်တန်းကိုပစ်မှတ်ထားသော အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ ခြင်းမရှိကြောင်း သူ၏ရုံးမှသတင်းထုတ်ပြန်ခဲ့ကြောင်း အယ်လ်အာရမ်သတင်းစာက သတင်းတင်ပြခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် သေဆုံးသူတို့ကို စစ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် များမကြာမီတွင် ဗိုလ်ချုပ်ကြီးနီမာသည် အစောင့်အကြပ်များခြံရံပြီး အီဂျစ်ရုပ်သံ သို့ သွားရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။

အယ်မိုစကာအယ်လ်ရိုမန်နီလမ်းမပေါ်ရှိ ရဲစခန်းအနီး၌ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှု၏ အခင်းဖြစ်ပွားနေရာမှ အနက်ရောင်မီးခိုးလုံးကြီးများ တလိပ်လိပ်မြင့်တက်လာသည်ကို အွန်လိုင်းပေါ်၌ ပြန့်နှံ့လာသော ဓာတ်ပုံများထဲ၌ မြင်တွေ့ရသည်။

တနင်္လာနေ့တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှုနှင့်ပက်သက်၍ မည်သည့်အကြမ်းဖက်အဖွဲ့အစည်းကမှ ၎င်းတို့၏လက်ချက်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်း သိရ သည်။

လက်ရှိသမ္မတအက်ဘ်ဒယ်ဖာတာအယ်လ်စီစီသည် ယခုရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိပြီး သမ္မတရာထူးကို ဒုတိယအကြိမ်မြောက်ဆက်လက်ရယူနိုင်ရန် ရေးပန်းစားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly