စွန့်လွှတ်မြေပေါ်တွင် ကျူးကျော်လုပ်ကိုင်နေမှု ၂ နှစ်နီးပါး ကြာမြင့်နေဟု တိုင်းလွှတ်တော် ကိုယ်စားလှယ်ပြော

စွန့်လွှတ်မြေပေါ်တွင် ကျူးကျော်လုပ်ကိုင်နေမှု ၂ နှစ်နီးပါး ကြာမြင့်နေဟု တိုင်းလွှတ်တော် ကိုယ်စားလှယ်ပြော

မုံရွာ၊ မတ် ၂၄။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ စွန့်လွှတ်မြေပေါ်တွင် ကျူးကျော်လုပ်ကိုင်နေသူများမှာ ၂နှစ်နီးပါးကြာမြင့်သည်အထိ လယ်/စစ်ကော်မတီမှ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း၊ ဒီပဲယင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဒေါ်နှင်းခိုင်စိုးက ပြောသည်။

ဒီပဲယင်းမြို့နယ်၊ ဒိုင်နတ်ကျေးရွာအုပ်စု၊ မြင်းတန်းကျေးရွာမှ တောင်သူများ၏ စွန့်လွှတ်မြေပေါ် တွင် သီးစားကျူးကျော်သူများက ဝင်ရောက်လုပ်ကိုင်နေ သဖြင့် လယ်/စစ်ကော်မတီသို့ တိုင်ကြားခဲ့ သော်လည်း အရေးယူဆောင်ရွက်မှုမရှိခဲ့ဘဲ  ကြန့်ကြာနေခြင်း ဖြစ်သည်။

"တပ်က မူလပိုင်ရှင်တောင်သူတွေကို ပုံစံ(၇)နဲ့ တကွ စွန့်လွှတ်ခဲ့ပြီး ဖြစ်တယ်။ အဲ့ဒါကို သီးစားတွေက ကျူးကျော်ပြီး လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက သက်ဆိုင်ရာ လယ်/စစ် ကော်မတီ အဆင့်ဆင့်ကို တိုင်ကြားခဲ့ပေမယ့် ၂ နှစ်နီးပါး ကြာလာတဲ့ အခုချိန်ထိ အရေးယူ ဆောင်ရွက်မှုတွေ မရှိခဲ့ပါဘူး" ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုးက ပြောသည်။

သက်ဆိုင်ရာ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီအဆင့်ဆင့်သို့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းက စတင်ကာ တင်ပြခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိသေးခြင်း ဖြစ်သည်။

တိုင်းဒေသကြီး၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီမှ (၄/၂၀၁၆) ဆုံးဖြတ်ချက်ဖြင့် ကျူးကျော်သူများအားတရားစွဲဆိုနိုင်ေ ရးအား သက်ဆိုင်ရာမြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ ကူညီဆောင်ရွက်ရန်နှင့် ဗဟိုမြေစစ်ကော်မတီသို့တင်ပြ ရန်ဟူသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ဒေါ်နှင်းခိုင်စိုးက ပြောသည်။

ယင်းသို့စွန့်လွှတ်မြေပေါ်တွင် ကျူးကျော်နေထိုင်နေခြင်းကို ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်လည်း တင်ပြထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

စွန့်လွှတ်မြေပေါ်တွင် သက်ဆိုင်ခြင်းမရှိပဲ အခြေချနေ ထိုင်သူများနှင့်ပတ်သက်၍ ကျူးကျော်သူများကို စွန့်လွှတ်သည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ရန်၊ စွန့်လွှတ်ပြီးနောက် လက်ခံရယူမည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက ဥပဒေနှင့်အညီအရေးယူရန် ဟု လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီ(ဗဟို)၏ (၁/၂၀၁၇) ဆုံးဖြတ်ချက်၏ မူဝါဒလမ်းညွှန်(၈)ရပ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly