အခြေခံမိုဘိုင်းဖုန်းနှင့် ဒစ်ဂျစ်တယ်ကင်မရာများ ကမ္ဘာနှင့်အဝန်း ဝယ်လိုအား ကျဆင်းလာ သည့်အတွက် ဂျပန် အီလက်ထရွန်းနစ်ဘီလူးကြီး ပါနာဆိုးနစ် (Panasonic Corp) က ပေကျင်းရှိ ၎င်း၏ စက်ရုံ၌ လစ်သီယမ်အိုင်းယွန်း ဘက်ထရီထုတ်လုပ်မှုကို ယခုလတွင် ရပ်ဆိုင်းပြီး အလုပ်နေရာ ပေါင်း ၁,၃၀၀ ကို ဖြတ်တောက် လျှော့ချတော့မည်ဖြစ်ကြောင်း သြဂုတ်လ ၂၇ ရက်က ပြောသည်။
၁၅ နှစ် သက်တမ်းရှိပြီဖြစ်သည့် စက်ရုံပိတ်သိမ်းရန် အစီအစဉ်ကို ဇူလိုင်လ နှောင်းပိုင်းက တည်းက ဝန်ထမ်းများကို အသိပေးခဲ့သည်ဟု ကုမ္ပဏီပြောခွင့်ရ အမျိုးသမီးတစ်ဦး ကပြောကြားသည်။
ပေကျင်းစက်ရုံက ပိုမိုရှုပ်ထွေး ခေတ်မီသည့် စမတ်ဖုန်းများက ဖုံးလွှမ်းကျော်တက်ခြင်း ခံလိုက်ရသည့် ရိုးရိုးမိုဘိုင်းဖုန်းနှင့် ဒစ်ဂျစ်တယ် ကင်မရာများအတွက် ဘက်ထရီများ ထုတ်လုပ် ပေးနေခဲ့သည်။
လူသုံးကုန် လျှပ်စစ်ပစ္စည်းနယ်ပယ်တွင် အာရှပြိုင်ဘက်များနှင့် အပြင်းအထန် ပြိုင်ဆိုင်နေ ရရာ ပါနာဆိုးနစ်မှာ လျှပ်စစ်ကားဘက်ထရီကဲ့သို့သော အမြတ်အစွန်းများသည့် ကုန်ပစ္စည်းများ ထုတ်လုပ်ရေး သို့ခြေဦး လှည့်လာခဲ့သည်။
ပေကျင်းစက်ရုံကို လစ်သီယမ်အိုင်းယွန်း ဘက်ထရီနှင့် ဆိုလာပြားများ ထုတ်လုပ်သည့် ဆန်ညို အီလက်ထရစ်ထံမှ လွှဲပြောင်းယူခဲ့ခြင်းပင် ဖြစ်သည်။ သို့ရာတွင် တောင်ကိုရီးယား ပြိုင်ဘက်များပေါ်ထွက် လာမှုကြောင့် ပါနာဆိုးနစ် မျှော်လင့်ထားသလောက် ဖွံ့ဖြိုးတိုးတက်မှု မရခဲ့ပေ။