ဖာပွန်ခရိုင်အတွင်း လမ်းဖောက်သည့်ကိစ္စ တပ်မတော်နှင့် KNU ဆွေးနွေးမည်

ဖာပွန်ခရိုင်အတွင်း လမ်းဖောက်သည့်ကိစ္စ တပ်မတော်နှင့် KNU ဆွေးနွေးမည်

ရန်ကုန်၊ မတ် ၂၃ ။             ။ ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်အတွင်း တပ်မတော်မှလမ်းဖောက်လုပ်သည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်ရေးတင်းမာလာမှုများလျှော့ချရန် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ မတ်လကုန်ပိုင်းတွင်ဆွေးနွေးသွားရန်ရှိကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုဥက္ကဋ္ဌလည်းဖြစ်သည့် KNU မှ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး ကပြောသည်။

“ မတ်လ ၂၉၊ ၃၀ လောက်မှာဖြစ်သွားမှာပါ။ ကျောက်ကြီးမှာပဲချိန်းထားပါတယ်ခင်ဗျ။ ဒီလမ်းဖောက်တဲ့ ကိစ္စကတော့ အဓိကပါပဲ။ အခုအခြေအနေကတော့ ငြိမ်၊ငြိမ်သက်သက်ပါပဲ” ဟု ၎င်းကပြောသည်။

အဆိုပါညှိနှိုင်းရေးအဖွဲ့တွင်မည်သူတို့ ပါဝင်ဆွေးနွေးကြမည်ကိုတော့ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်းလည်း ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးကဆိုသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် ခေးပူ နှင့် လယ်မူပလောရွာအကြား၌ ကားလမ်းဖောက်လုပ်ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် မတ်လ ၄ ရက်နေ့မှ စပြီး တပ်မတော်မှ ဝင်ရောက်လာခြင်းဖြစ်သည်။

ယင်းသို့ တပ်မတော်ဘက်မှ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာမှုကြောင့် နှစ်ဖက်တပ်ဖွဲ့ွများ အကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး ရွာပေါင်း ၁၄ ရွာ ၊ လူဦးရေ ၂၀၀၀ နီးပါး စစ်ရှောင်ခဲ့ရသည်။

အဆိုပါ စစ်ဘေးရှောင်များနှင့် ပက်သက်ပြီး “ လောလောဆယ်တော့ဘာမှမလုပ်ပေးနိုင်သေးဘူးပေါ့။ ဒါပေမယ့် ဒီဆွေးနွေးပွဲကနေပြီး ဘာတွေလုပ်ပေးနိုင်မလဲကြည့်ရမယ် ” ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးကပြောသည်။

၂၀၁၈ ခုနှစ် မတ်လ အစောပိုင်းမှာအတည်းက ကေအန်ယူတပ်မဟာ ၅ နှင့် တပ်မတော်တို့အကြား တိုက်ပွဲငယ်များဆက်လက်ဖြစ်ပွားခဲ့သော်လည်း မတ်လ ၁၉ ရက်နောက်ပိုင်းတွင်မှု အနည်းငယ်လျော့ကျ လာခဲ့ကြောင်း ၎င်းကဆိုသည်။

ကရင် အမျိုးသားအစည်းအရုံး (KNU) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုအနေဖြင့် ယုံကြည်မှုတည်ဆောက်ချိန်တွင် တပ်မတော်ဘက်မှ လုပ်ဆောင်ချက်များသည့် NCA သဘောတူညီချက်များအား ချိုးဖောက်နေသည်ဟု KNU ဘက်ကပြောဆိုထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး KNU မှ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ( JMC-U) သို့လည်း စာပေးပို့ကန့်ကွက်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags