ပုဂံဒေသတွင် ဆင်စခန်း စတင်ဖွင့်လှစ်ရန်စီစဉ်နေ

ပုဂံဒေသတွင် ဆင်စခန်း စတင်ဖွင့်လှစ်ရန်စီစဉ်နေ

ပခုက္ကူ၊မတ်လ၂၄ ။             ။ ပုဂံ-ညောင်ဦးဒေသတွင် ဆင်အခြေပြု ခရီးသွားလုပ်ငန်းအတွက် မတ်လ ၂၈ ရက်တွင် ဆင်စခန်း စတင်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

ပလင်းကမ်းသာယာ ဆင်စခန်းဟု အမည်ပေးထားသည့်  အဆိုပါ ဆင်စခန်းအနေဖြင့် ညောင်ဦးမြို့မှ ၅ မိုင်အကွာ  ညောင်ဦး-မြင်းခြံ ကားလမ်းမဘေး ဧရာဝတီမြစ်ကမ်းအနီးတွင် ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ခရီးသွားများအတွက် အပန်းဖြေနားနေစရာတစ်ခု အဖြစ် ရည်ရွယ်ကာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးဖြစ်သူ မြန်မာ့သစ်လုပ်ငန်း ညောင်ဦးဖောင်ဖွဲ့ဒေသ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက မဇ္ဈိမ သို့ပြောသည်။

"ဒီ ပုဂံညောင်ဦးဒေသဆိုတာ ဆင်တွေ ရှိတဲ့နေရာမဟုတ်ပါဘူး။ ဆင်တွေကို တွေ့မြင်နိုင်ခဲတဲ့အရပ်ပါ။ ဒီနေရာမှာ ကျွန်တော်တို့က ဆင်စခန်းဖွင့်လိုက်ခြင်းအားဖြင့် ပြည်တွင်းမှာရှိတဲ့ ခရီးသွားတွေအတွက်ရော၊ပြည်ပ ခရီးသွား ဧည့်သည်တွေအတွက်ရောအပန်းဖြေ နားနေစရာ တခုအဖြစ်ရည်ရွယ်ပါတယ်"ဟု မြန်မာ့သစ်လုပ်ငန်း ညောင်ဦးဖောင်ဖွဲ့ဒေသ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို က ပြောသည်။

အဆိုပါဆင်များမှာ အလောင်းတော်ကဿပဖက်မှ ဆင်များဖြစ်ပြီး ပုဂံဒေသသည် ပူပြင်းခြောက်သွေ့သဖြင့်  ရာသီဥတုဒဏ်ခံနိုင်ရေးအတွက် ဆင်တင်းကုတ်များတွင်   ရေမွှား ရေပိုက်ခေါင်းများ တပ်ဆင်၍ ရေပက်ဖြန်းခြင်း သဘာဝအရိပ်ရ အပင်များအောက်တွင် ထားရှိခြင်း ဆင်စီးချိန်၊ဆင်ရေချချိန်များ ကန့်သတ်ထားခြင်းများလည်း ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ယင်း ဆင်စခန်းတွင် ခရီးသွားများအတွက်  ဆင်နှင့်ပတ်သက်သည့် ဝန်ဆောင်မှုများပေးသွားမည့် အပြင် အခြားသော ဝန်ဆောင်မှုများလည်း ပြုလုပ်သွားမည်ဟု သိရသည်။

"ကျွန်တော်တို့ ပလင်းကမ်းသာယာ ဆင်စခန်းမှာ လာတဲ့ ခရီးသွားဧည့်သည်တွေကို ဆင်တွေ ထိတွေ့ကိုင်တွယ်လို့ ရမယ်။ ဆင်စာကျွေးလို့ရမယ်။ မနက်စောစော အချိန်နဲ့ ညနေအချိန်မှာ ကြုံခဲ့ရင် ဆင်တွေနဲ့အတူ ရေချိုးရေချတာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်လို့ရမယ်။ ဧရာဝတီမြစ်ကမ်းတလျှောက်ဆင်စီးနိုင်တယ်။ ဒါအပြင် ဌာနပိုင်မော်တော်တွေနဲ့လည်း မြစ်ကမ်းတလျှောက်နေဝင်ချိန် ကြည့်လို့ရမယ့် ဝန်ဆောင်မှုတွေပါ ပြုလုပ်သွားမှာပါ"ဟု ဦးမျိုးမင်းကိုက ပြောသည်။

ဆင်စခန်းဖွင့်လှစ်လိုက်ခြင်းကြောင့် အနီးဝန်းကျင်ရှိဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ပြီး လာရောက်လည်ပတ်သူများအနေဖြင့်လည်း ဆင်နှင့်ပတ်သက်သည့် ဗဟုသုတများ လေ့လာနိုင်မည်ဖြစ်သည်။

လက်ရှိအနေဖြင့် ယင်းဆင်စခန်းမှာ ဆင် ၄ကောင် စတင်ထားရှိထားပြီး ဆင်များ ဆက်လက်တိုးချဲ့ထားရှိကာ လာမည့် မတ်လ ၂၈ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly