ဦးဝင်းထိန် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၊ စီအီးစီအစည်းအဝေး တက်ရောက်မည်

ဦးဝင်းထိန် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၊ စီအီးစီအစည်းအဝေး တက်ရောက်မည်

ရန်ကုန် ၊ မတ် ၂၄ ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွ့ဲဝင် ဦးဝင်းထိန် သည် မြန်မာနိုင်ငံသို့ ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ခွဲ ခန့်တွင် စင်ကာပူလေကြောင်းဖြင့် ပြန်လည် ရောက်ရှိလာသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့က ဦးဝင်းထိန်သည် ၎င်း၏သားဖြစ်သူ မင်္ဂလာဆောင်အပြီး၊ သြစတေးလျနိုင်ငံသို့ ဆေးဝါးကုသရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုသို့ သြစတေးလျနိုင်ငံသို့ ထွက်ခွာပြီးနောက် တစ်လအကြာတွင် NLD ပါတီမှ နှုတ်ထွက်စာတင်ခဲ့သည်။

ယင်းနှုတ်ထွက်စာအား ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ထားသည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က မဇ္ဈိမသို့ မတ်လ ၁၆ ရက်တွင် အတည်ပြုပြောဆိုထားသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သြစတေးလျနိုင်ငံခရီးစဉ်အတွင်း ဦးဝင်းထိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ဦးဝင်းထိန် ပြန်လာခဲ့ခြင်း ဖြစ်သည်။

"ဦးဉာဏ်ဝင်းတို့ပြောတာမှန်တယ်။ အဲ့ဒီစာကို ဒေါ်အောင်ဆန်းစုကြည်ကလက်မခံဘူးလေ။ ပြန်လာရတာပေါ့" ဟု ဦးဝင်းထိန်က လေဆိပ်မှ အထွက်တွင် မီဒီယာများသို့ ပြောသည်။

လက်ရှိတွင် ဦးဝင်းထိန်အနေဖြင့် နေပြည်တော်ရှိ NLD CEC အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။

အသက် ၇၇ နှစ် အရွယ် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်သည် ၁၉၈၈ NLD ပါတီ စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်နေ ၁၉၉၅ ခုှနှစ်မှာ ထောင် ၁ ကြိမ်၊ ၁၉၉၆ တွင် ထပ်မံဖမ်းဆီးခံရပြီး ၂၀၀၈ ခုနှစ် တွင် ပြန်လွတ်လာခဲ့သော်လည်း ၂၄ နာရီ မပြည့်ခင်မှာ ထပ်မံဖမ်းဆီးခံခဲ့ရပြီး၂၀၁၀ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့ နယ်မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရပြီး၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ခြင်းမရှိပေ။

ယင်းနောက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တာဝန်များထမ်းဆောင်ချိန်တွင် ပါတီ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ကိုဖွဲ့စည်း၍ ယင်းအဖွဲ့တွင် အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ဒေါက်တာဇော်မြင့်မောင်၊ဦးဟံသာမြင့်တို့နှင့် အတူ ပါတီတာဝန်များထမ်းဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly