ဗီတိုအာဏာသုံးမည် ဆိုထားသည့် ဘတ်ဂျက်ကို ထရမ့် အတည်ပြုကာ လက်မှတ်ထိုး

ဗီတိုအာဏာသုံးမည် ဆိုထားသည့် ဘတ်ဂျက်ကို ထရမ့် အတည်ပြုကာ လက်မှတ်ထိုး

ဝါရှင်တန်၊ မတ် ၂၄ ။          ။ အသုံးစရိတ်ဘတ်ဂျက်နှင့် ပတ်သက်ပြီး ဗီတိုအာဏာသုံးမည်ဟု ဆိုထားပြီးသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အစိုးရယန္တရား တန့်ရပ်မှုကို ရှောင်ရှားနိုင်ရေးအတွက် ကွန်ဂရက်က အတည်ပြုသော အသုံးစရိတ်ဘတ်ဂျက်ကို မတ် ၂၃ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးလိုက်သည်။

အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ထရီယံ ဘတ်ဂျက်နှင့် ပတ်သက်ပြီး ထရမ့်က အလွန်စိတ်ပျက်ရကြောင်း၊ မက္ကဆီကို နယ်ခြားတံတိုင်း အစီအစဉ်အတွက် အပြည့်အ၀ ရန်ပုံငွေမဟုတ်ကြောင်း၊ ထိုပြင် ကလေးဘဝမှ အမေရိကန်သို့ ရောက်ရှိနေသော ရွှေ့ပြောင်းဝင်ရောက်သူများအရေး ကိုင်တွယ်ဖြေရှင်းရေးအတွက်လည်း တတ်နိုင်သည့် ပမာဏမဟုတ်ကြောင်း ပြောသည်။

သို့သော် ယခု ဘတ်ဂျက်အားဖြင့် စစ်အသုံးစရိတ်ကို တိုးမြှင့်ပေးထားခြင်းကို ထောက်ပြလျက် “ရွေးချယ်စရာ မရှိပါ။ ကျွန်တော်တို့ စစ်တပ်အတွက် ရန်ပုံငွေ ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။”ဟု ထရမ့်က ဆိုသည်။

ယခုကဲ့သို့ ဘတ်ဂျက်အား လက်မှတ်ထိုးခြင်းသည် အသုံးစရိတ် ပိုမိုများပြားစွာ ရရှိလိုသည့်အတွက် ၎င်းအနေဖြင့် ဗီတိုအာဏာသုံးရန် စဉ်းစားနေသည်ဟု ပြောဆိုပြီးနောက် အံ့အားသင့်ဖွယ် လက်မှတ်ထိုးလိုက်ခြင်းပဲ ဖြစ်သည်။

ယခု ကွန်ဂရက်က အတည်ပြုလိုက်သော ဘတ်ဂျက်ဥပဒေကြမ်းတွင် သမ္မတ ထရမ့် ရေရှည်ဆန္ဒထားခဲ့သော မက္ကဆီကိုနှင့် နယ်ခြားတံတိုင်း တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆ ဘီလီယံ အပါအဝင်ကို ဒီမိုကရတ်ခေါင်းဆောင်များ ကျောထောက်နောက်ခံဖြင့် အတည်ပြုလိုက်နိုင်ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ တံတိုင်းအတွက် ချထားဘတ်ဂျက်ပမာဏသည် သမ္မတတောင်းခံထားသော ဒေါ်လာ ၂၅ ဘီလီယံနှင့် များစွာ နည်းနေသေးသော ပမာဏဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags