လူ ၃ ဦးသေဆုံးခဲ့သည့် ပြင်သစ်စူပါမားကတ် အကြမ်းဖက်တိုက်ခိုက်မှု မိမိတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်တို့ ထုတ်ပြော

လူ ၃ ဦးသေဆုံးခဲ့သည့် ပြင်သစ်စူပါမားကတ် အကြမ်းဖက်တိုက်ခိုက်မှု မိမိတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်တို့ ထုတ်ပြော

မတ် ၂၄ ။              ။ မတ်လ ၂၃ ရက်က ပြင်သစ်တောင်ပိုင်းတွင် ဖြစ်ပွားသွားခဲ့သည့် စူပါမားကတ် အစွန်းရောက်တိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော် အကြမ်းဖက်အုပ်စု (အိုင်အက်စ်) တို့က ထုတ်ဖော်ပြောကြားသွားသည်။

ယင်း ဖြစ်စဉ်၌ နိုင်ငံတောင်ပိုင်း စူပါမားကတ်တစ်ခုကို အိုင်အက်စ် သစ္စာခံ သေနတ်သမားတစ်ဦးက ဝင်ရောက်စီးနင်း ဓားစာခံဖမ်းဆီးထိန်းသိမ်းပြီးနောက် လူ သုံးဦးအား ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။ ၎င်း သေနတ်သမားမှာလည်း အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ပစ်ခတ်ရှင်းလင်းမှုကြောင့် သေဆုံးသွားခဲ့သည်။

ယင်းနိုင်ငံတွင် အောက်တိုဘာနောက်ပိုင်း ပထမဆုံးအကြိမ် ပေါ်ပေါက်လာခဲ့သည့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အခြားလူငါးဦးလည်း ပစ်ခတ်ခံရပြီး ဒဏ်ရာများ အသီးသီး ရရှိသွားခဲ့ကြသည်။

" ကျွန်တော်တို့နိုင်ငံမှာ အစ္စလမ္မစ် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုနဲ့ ထပ်မံကြုံတွေ့လိုက်ရပြန်ပါပြီ" ဆိုပြီး ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က နိုင်ငံပိုင်ရုပ်သံကနေ ပြောဆိုသွားသည်။

ယခု စူပါမားကတ် တိုက်ခိုက်မှုမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်တို့က ထုတ်ဖော်ပြောကြားသွားသည်။

ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်နောက်ပိုင်းကတည်းက ထိုကဲ့သို့ လူသေဆုံးစေခဲ့သည့် အစွန်းရောက်တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း လူပေါင်း ၂၄၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တာကြောင့် ယခုအချိန်ထိ ယင်းနိုင်ငံတွင် အစွန်းရောက်တိုက်ခိုက်မှုအန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်တွင် ဆက်လက်ထားရှိနေရဆဲဖြစ်သည်။

ယခုဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် အိုင်အက်စ်သစ္စာခံ သေနတ်သမားမှာ အသက် ၂၅ နှစ်အရွယ် ရက်ဒ်ဒေါအိန် လက်ခ်ဒင် ဆိုသူဖြစ်ကြောင်း အကြမ်းဖက်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ အရာရှိ ဖရန်ဆွာ မိုလင်စ် က ပြောသည်။ လက်ခ်ဒင်မှာ ယခင်ကာလများက တားမြစ်လက်နက် ကိုင်ဆောင်မှု၊ မူးယစ်ဆေးသုံးစွဲမှုတို့ဖြင့် အမှုရင်ဆိုင်ထားခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရသည်။

ယခုအခါ ၎င်းနေထိုင်ခဲ့သည့် နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly