ပြင်သစ်တောင်ပိုင်းက စူပါမားကတ်တွင် အစွန်းရောက်တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံး

ပြင်သစ်တောင်ပိုင်းက စူပါမားကတ်တွင် အစွန်းရောက်တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံး

ပါရီ၊ မတ် ၂၃ ။         ။ ပြင်သစ်တောင်ပိုင်းရှိ စူပါမားကတ်တစ်ခုတွင် မတ် ၂၃ ရက်က သံသယရှိ အစွန်းရောက်တစ်ဦးက စီးနင်းကာ ဓားစာခံဖမ်းဆီးထားမှု ဖြစ်စဉ်အတွင်း လူတစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူများက အတည်ပြုသည်။

အစွန်းရောက်ရည်ရွယ်ချက်ဖြင့် လူသတ်မှု၊ လူသတ်ရန် ကြံစည်မှုနှင့် ဖမ်းဆီးပြန်ပေးဆွဲမှုများဖြင့် စုံစမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူများအရ သိရသည်။

ဝန်ကြီးချုပ် Edouard Philippe က “တွေ့ရှိအချက်အလက်တွေ အားလုံးဟာ အစွန်းရောက်တိုက်ခိုက်မှုအဖြစ် ညွှန်ပြနေပါတယ်။”ဟု မီဒီယာသို့ ပြောသည်။

အခင်းဖြစ်စဉ်အတွင်း ဒဏ်ရာရသည့် ရဲတစ်ဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဖြည့်စွက်ပြောလျက် ဓားစာခံဖမ်းဆီးထားမှု အခြေအနေက ဆက်လက်ဖြစ်နေဆဲဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ထရီဘီမြို့တော်ဝန် Eric Menassi ကမူ အဆိုပါ စူပါမားကတ်အတွင်း လက်နက်ကိုင်အမျိုးသားတစ်ဦး ချောင်ပိတ်ကာ ရှိနေကြောင်း၊ ဈေးဝယ်များနှင့် အလုပ်သမားအားလုံး ထွက်လာနိုင်ပြီဖြစ်ကြောင်း ပြောသည်။

“ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ဌာနရဲ့ အဓိကဦးစားပေးက ဒီလက်နက်ကိုင်ကို ကြားဝင်ဟန့်တားနိုင်ရေးပဲ ဖြစ်ပါတယ်။”ဟု ပြည်ထဲရေးဝန်ကြီးဌာနက တွစ်တာမှတစ်ဆင့် ထုတ်ပြန်ပြီး ယင်းဖြစ်ပွားရာနယ်မြေတွင် လုံခြုံရေးနယ်မြေ သတ်မှတ်ဖွဲ့စည်းထားကြောင်း ဖြည့်စွက်ပြောခဲ့သည်။

BFMTB ရုပ်သံသတင်းအရ စူပါမားကတ်အတွင်း နံနက် ၁၁ နာရီခန့်တွင် လက်နက်ကိုင်တစ်ဦး ဝင်ရောက်သွားပြီး ပစ်ခတ်သံများ ကြားရကြောင်း ဖော်ပြထားသည်။

ရဲက ယင်းစူပါမားကတ်အား ရှင်းလင်းနိုင်ရေး လုပ်ဆောင်ဆဲဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး Gerard Collomb ကလည်း ဖြစ်ပွားရာ ထရီဘီမြို့သို့ ထွက်ခွာကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly