နိုင်ငံအတွက် ဘယ်လိုကူညီမလဲဆိုတာ အနုပညာရှင်များ စဉ်းစားစေချင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံအတွက် ဘယ်လိုကူညီမလဲဆိုတာ အနုပညာရှင်များ စဉ်းစားစေချင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မတ်လ ၂၃ ။           ။ ဖျော်ဖြေရေးသည် သိမ်မွေ့သောအင်အားဖြစ်ပြီး နိုင်ငံအတွက် ဘယ်လိုကူညီမလဲဆိုတာ စဉ်းစားစေချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အနုပညာရှင်များသို့ ပြောကြားလိုက်သည်။

ယနေ့ မတ်လ ၂၃ ရက်တွင် ကျင်းပသော ရန်ကုန်မြို့ မြန်မာအီးဗန့်ခ်ပက်ခ် တွင် ပြုလုပ်သော ၂၀၁၇ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်အမှာစကားပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ အခုဆိုရင် ဖျော်ဖြေရေးလောကကို တစ်ချို့က Soft Power ၊ အပျော့အင်အားလို့ ပြောကြတာရှိတယ်။ အပျော့အင်အားဆိုတာထက် ကျွန်မက သိမ်မွေ့တဲ့အင်အားလို့ မြင်ချင်ပါတယ်။ သိမ်မွေ့တဲ့အင်အားနဲ့ ကျွန်မတို့နိုင်ငံကို ဘယ်လို ကူညီမလဲဆိုတာကို ရုပ်ရှင်လောကမှာရှိတဲ့ ပြည်သူပြည်သားများအားလုံး စဉ်းစားစေချင်ပါတယ်။ ဘယ်လိုနည်းနဲ့ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းအောင် ၊ ညီညွတ်အောင်၊ တိုးတက်အောင် လုပ်ကြမလဲ။ သိမ်မွေ့တဲ့အင်အားကို ဘယ်လို သုံးမလဲ။ အင်အားဆိုတာ သုံးတတ်မှ အကျိုးရှိတာပါ။ အင်အားကို အလွဲသုံးစားလုပ်လိုက်ရင် ထိရိုက်မှုက ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ရုပ်ရှင်လောက က ပြည်သူပြည်သားများအားလုံးဟာ သိမ်မွေ့တဲ့ပညာကို သိမ်မွေ့တဲ့အင်အားဖြစ်အောင် သုံးစေချင်ပါတယ်” ဟု ဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ပွဲတက်ရောက်ခြင်းနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ရုပ်ရှင်အနုပညာကို တန်ဖိုးထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ကျွန်မ ဒီအခမ်းအနားကို တက်ရတဲ့အကြောင်းက ရိုးရိုးလေးပါပဲ။ ကျွန်မတို့ကို အများကြီး ကူညီခဲ့တဲ့ တစ်ချို့ရုပ်ရှင်သရုပ်ဆောင်တွေက ကျွန်မတို့ အစိုးရဖြစ်မှ သူတို့ကို ပစ်ထားတယ်လို့ ပြောတာ ကျွန်မ ကြားရပါတယ်။ ပစ်ထားတာ မဟုတ်ပါဘူးဆိုတာကို ပြချင်လို့ ကျွန်မတက်တာပါ။ အချိန်တွေအရ အလုပ်တွေအရသာ ကျွန်မ ဒီဖက်ကို လှည့်မကြည့်ဖြစ်တာပါ။ အများကြီး ကျွန်မ ရုပ်ရှင်ပညာကို တန်ဖိုးထားတယ်” ဟု ပြောသည်။

ယခုနှစ် ကျင်းပသည့် မြန်မာ့ရုပ်ရှင်ဆုပေးပွဲအား ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ထပ်တိုးချီးမြှင့်သည့် ရုပ်ရှင်တသက်တာထူးချွန်ဆုကို ဘိုကလေးတင့်အောင်အား ဒေါ်အောင်ဆန်းစုကြည် က ပေးအပ် ချီးမြှင့်ခဲ့သည်။

ယမန်နှစ်က ကျင်းပသည့် ၂၀၁၆ အကယ်ဒမီထူးချွန်ဆုပေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ခဲ့ဘဲ သဝဏ်လွှာသာ ပေးပို့ခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ဆုပေးပွဲအား ထူးချွန်ဆု ၁၃ ဆုထိ ချီးမြှင့်နိုင်ရန် ရည်မှန်းထားကာ အထူးဆု ၊ တသက်တာ ရုပ်ရှင် ထူးချွန်ဆု ထပ်တိုးချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါ တစ်သက်တာထူးချွန်ဆု ရရှိသူအား Forever Group မှ လစဉ် ငွေကျပ် ငါးသိန်းနှုန်းဖြင့် တစ်သက်တာ လုံး ထောက်ပံ့သွားမည် ဖြစ်သည်။

ယခုနှစ်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် မြန်မာရုပ်ရှင် ၅၃ ကား ရှိပြီး အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ကားဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံး ရုပ်ရှင်အသံဆု၊အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုများလည်းပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly