ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဗီယက်နမ်နှင့် တောင်ကိုရီးယားတို့ တွန်းအားပေး

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဗီယက်နမ်နှင့် တောင်ကိုရီးယားတို့ တွန်းအားပေး

ဟနွိုင်း၊ မတ် ၂၃ ။           ။ လာမည့်လတွင်း ကျင်းပရန် စီစဉ်ထားသည့် တောင်-မြောက် ကိုရီးယားထိပ်သီးအစည်းအဝေး မတိုင်မီ ဆိုးလ်အနေဖြင့် သံခင်းတမန်ခင်း အရှိန်မြှင့်တင်ခြင်းအဖြစ် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို တောင်ကိုရီးယားနှင့် ဗီယက်နမ်က မတ် ၂၃ ရက်တွင် တွန်းအားပေးပြောဆိုသည်။

ဧပြီလမကုန်မီ ထိပ်သီးအစည်းအဝေး ကျင်းပရန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်တို့ကြား ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာနိုင်ခြေတို့ကြောင့် ကိုရီးယားကျွန်းဆွယ်အရေးတွင် တင်းမာမှုများ လျော့ပါးလာခဲ့သည်။

ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိသည့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ၎င်းအနေဖြင့် ကိုရီးယားကျွန်းဆွယ်တွင် ရေရှည်ငြိမ်းချမ်းရေးတည်တံ့ရေးနှင့် နျူကလီးယားကင်းစင်ရေးတို့အတွက် ဗီယက်နမ်နှင့်အတူ လက်တွဲသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ဒီအရေးမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး ကျွန်တော်တို့ သဘောတူထားတယ်။”ဟု ခရီးစဉ်အတွင်း ၎င်းက သတင်းထောက်များအား ပြောသည်။

သုံးရက်တာ ခရီးစဉ်ရောက်ရှိသည့် မွန်ဂျေအင်း၏ ဗီယက်နမ်ခရီးစဉ်တွင် နှစ်နိုင်ငံကြား ဆက်ဆံရေး ခိုင်မာရေးနှင့် အပြန်အလှန်ကုန်သွယ်မှုအရေးများကိုပါ ဦးတည်ချက်ထားသည်။

တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံသူဖြစ်လာပြီး ၁၉၉၂ ခုနှစ် သံတမန်ဆက်ဆံရေး တည်ထောင်ချိန်နောက်ပိုင်း ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly