ဦးဝင်းမြင့် သမ္မတဖြစ်လာပါက ရခိုင်အရေးတွင် ပြတ်သားသွားနိုင်မည်ဟု ရခိုင်အမတ်အချို့ မျှော်မှန်း

ဦးဝင်းမြင့် သမ္မတဖြစ်လာပါက ရခိုင်အရေးတွင် ပြတ်သားသွားနိုင်မည်ဟု ရခိုင်အမတ်အချို့ မျှော်မှန်း
ဓာတ်ပုံ - မင်းမင်း

နေပြည်တော်၊ မတ်လ ၂၃ ။           ။ ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်း ဒုတိယ သမ္မတလောင်းရွေးချယ်ရာတွင် မဲအပြတ်သတ်ဖြင့် အနိုင်ရရှိခဲ့သည့် ဦးဝင်းမြင့် အနေဖြင့် သမ္မတဖြစ်လာပါက ရခိုင်အရေးတွင် ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်လိမ့်မည်ဟု ရခိုင်အမျိုးသားပါတီ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“တစ်ခုခုတော့ပြတ်သားသွားမှာပေါ့နော့။ ပြတ်ပြတ်သားသားတော့ ဖြစ်သွားလိမ့်မယ်ထင်တယ်။ ဒါပေမယ့် အဓိက ရခိုင်အရေးကို ဦးဆောင်ကိုင်တွယ်သူကတော့   ဒေါ်အောင်ဆန်းစုကြည်ပဲလေ။ ဒေါ်အောင်ဆန်းစုကြည် ကပဲ အများကြီး အဲ့ဒီမှာ ဦးဆောင်မှုပေးပြီး လုပ်သွားလိမ့်မယ်လို့တော့ အဲ့ဒီမှာတော့ ဦးဝင်းမြင့်ကတော့ သူ့ကိုနည်းနည်း အထာက်အကူပေးနိုင်တဲ့ အခြေအနေတော့ရှိမှာပေါ့”ဟု ပြောသည်။

ထို့ပြင် ဦးဝင်းမြင့်သည် နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး၊ လွှတ်တော်ပိုင်းတွင်လည်း ထဲထဲဝင်ဝင် သိကာ၊ ပြည်သူများနှင့်လည်း ထိစပ်မှုရှိကြောင်း ၊ သူ၏ စိတ်ဓာတ်အရ ကိစ္စများကို မြန်မြန်ထက်ထက် ဆုံးဖြတ်နိုင်ပြီး တုံ့ပြန်တတ်သည့်သဘော ရှိကြောင်း ဦးဖေသန်းက ဆက်ပြောသည်။

အလားတူ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်တွင်လည်း ကိုယ်စားလှယ်များ၏ မေးမြန်းမှုကို အစိုးရပိုင်းက လာရောက်ဖြေကြားရာတွင်လည်း လမ်းညွှန်မှုများကို အများကြီးပေးနိုင်ကြောင်း၊ NLD ပါတီတွင်းတွင်လည်း ခေါင်းဆောင်တစ်ဦးအနေနဲ့ ပါတီတွင်းက လွှတ်တော်ကိုယ်စားလှယ်များကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ၊ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“အန်တီတို့တိုင်းရင်းသားတွေ အနေနဲ့လည်းကိုယ့်ရဲ့ ဥက္ကဋ္ဌဟောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဦးဝင်းမြင့်သည် အန်တီတို့ရဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အပေါ်မှာလည်း ဒီထက့်မက လုပ်ဆောင်နိုင်ဖို့ရည်မှန်းချက်နဲ့ အန်တီတို့လည်း သူ့ကိုပဲ မဲပေးတာပါ”ဟု ဒေါ်ခင်စောဝေက ပြောသည်။

ယခုကဲ့သို့ ဒုတိယသမ္မတ အဖြစ် ဦးဝင်းမြင့်အား ရွေးချယ်တင်မြှောက်ခြင်းကိုလည်း NLD ပါတီအနေဖြင့် ယခုကဲ့သို့ သမ္မတ တစ်ဦးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား ရွေးချယ်ခြင်းသည် မှန်ကန်ကောင်းမှန်ကန်လိမ့်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ယနေ့ပြည်သူလွှတ်တော်တွင် ဒုတိယသမ္မတလောင်း နှစ်ဦးအဖြစ် တာမွေမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးတို့ နှစ်ဦးအား အမည်စာရင်းတင်သွင်းခဲ့ပြီး လျှို့ဝှက်မဲပေးရွေးချယ်ခဲ့ကာ ဦးဝင်းမြင့်က ထောက်ခံမဲ(၂၇၃)မဲ၊ ဦးသောင်းအေးကထောက်ခံမဲ(၂၇)မဲ ၊ ပယ်မဲ(၄)မဲ ရှိခဲ့ရာ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ယနေ့ ပြည်သူ့လွှတ်တော်တွင် ရွေးချယ်တင်မြှောက်ခံရသည့် ဒုတိယသမ္မတ ဦးဝင်းမြင့်နှင့် လက်ရှိ ဒုသမ္မတ နှစ်ဦး စုစုပေါင်း သုံးဦးထဲမှ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော် သမ္မတအဖြစ် ထပ်မံရွေးချယ်သွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly