သုံးလလောက်ပဲ သမ္မတလုပ်ဖို့ ဦးထင်ကျော် မှန်းထားခဲ့ဟုဆို

သုံးလလောက်ပဲ သမ္မတလုပ်ဖို့ ဦးထင်ကျော် မှန်းထားခဲ့ဟုဆို
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၂၃ရက်၊ ၂၀၁၈ခုနှစ်)။ ။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သမ္မတရာထူးမှ နှုတ်ထွက်သွားသည့် ဦးထင်ကျော်မှာ ကျန်းမာရေးကြောင့် ရုတ်တရက် အနားယူခဲ့ခြင်းမဟုတ်ဟု သမ္မတ၏ ဇနီးဖြစ်သူ သုံးခွမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်စုစုလွင်က ယနေ့ မတ်လ ၂၃ရက်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

လွန်ခဲ့သည့် ၆လခန့်က ထိုင်းနိုင်ငံတွင် အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူခဲ့ရသည့် သမ္မတ ဦးထင်ကျော်သည် ပြီးခဲ့သည့် တစ်လကျော်က စင်္ကာပူနိုင်ငံတွင် ဆေးစစ်ခဲ့ရာတွင် ကျန်းမာရေး ကောင်းမွန်သည်ဟု ဒေါ်စုစုလွင်က ပြောသည်။

“ပြီးခဲ့တဲ့ တစ်လကျော်လောက်ကထင်တယ် စင်္ကာပူမှာ ဆေးပြန်စစ်တော့ သူ အားလုံး ကောင်းပါတယ်။ သူလည်း ဝိတ်ပြန်တက်လာတယ်။ ပြန်တက်လာတော့ အန်တီ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အန်တီတို့ နားဖို့ဆိုတာ ရုတ်တရက်ကြီး လုပ်တာ မဟုတ်ပါဘူး။ စောစောကထဲက ကြိုတင်ပြီးတော့ စီစဉ်တာပါ” ဟု ၎င်းက ဆိုသည်။

“ဘာ့ကြောင့် အနားယူတာလဲ ဆိုတဲ့အခါကျတော့ သူ့ရဲ့ ဆန္ဒပေါ့နော်။ သူအနားယူဖို့ သင့်တယ်လို့ သူယူဆတဲ့အတွက်ကြောင့် ဒီနေရာမှာ သူ့အနေနဲ့ အဲ့ဒီနေရာ လုပ်ဖို့ဆိုတာ ဘယ်တုန်းကမှလည်း မရည်ရွယ်ခဲ့ဘူး။ အဲ့တော့ သူ့ကို ဒီတာဝန်ကို ပေးတဲ့အတွက်ကြောင့် သူ့စိတ်ထဲမှာ မျှော်မှန်းထားတာကတော့ အလွန်ဆုံး ၃လလောက်၊ ၃လထက်လွန်ရင် ၆လလောက် အဲ့လောက်ပဲ သူ့ရဲ့ ခေါင်းဆောင်အတွက် သူလုပ်ပေးရလိမ့်မယ်လို့ မျှော်လင့်တယ်” ဟုလည်း ဒေါ်စုစုလွင်က ဆက်လက် ပြောကြားသည်။

အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်မရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်အရ သမ္မတတာဝန်ကို ၃လောက်ခန့်သာ ထမ်းဆောင်ရန် မျှော်မှန်းထားသည့် ဦးထင်ကျော်သည် သမ္မတတာဝန်ကို ၂နှစ်ပြည့်ရန် ၉ရက်အလို ထမ်းဆောင်ပြီးချိန် မတ်လ ၂၁ရက်တွင် နှုတ်ထွက်သွားခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ မတ်လ ၂၁ရက် သတင်းထုတ်ပြန်ချက်တွင် ဦးထင်ကျော်သည် လက်ရှိ အလုပ်တာဝန်များမှ အနားယူလိုသောကြောင့် နိုင်ငံတော်သမ္မတရာထူးက   နှုတ်ထွက်သွားပါသည်ဟု ဖော်ပြထားသည်။

“ကျန်းမာရေးအတွက် မစိုးရိမ်ပါနဲ့လို့ အန်တီ ပြောချင်ပါတယ်။ အခု ထွက်တဲ့ကိစ္စကလည်း အနားယူတဲ့ကိစ္စက ကျန်းမာရေးအတွက် မဟုတ်ပါဘူး” ဟုလည်း ဒေါ်စုစုလွင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတအဖြစ် သက်တမ်းစေ့ တာဝန်ထမ်းဆောင်ပြီးမှသာ ဥပဒေအရ ပင်စင်လစာနှင့် လုံခြုံရေးကဲ့သို့သော အဆောင်အယောင်များ ရရှိမည်ဖြစ်သော်လည်း ဦးထင်ကျော်မှာ မည်သည့်ခံစားခွင့်ကိုမျှ ရရှိမည် မဟုတ်ပေ။

အဆိုပါ ပင်စင်ကိစ္စနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကိုလည်း ဒေါ်စုစုလွင်က “ပင်စင်ပဲဖြစ်ဖြစ် ဘာအခွင့်အရေးအတွက်ပဲ ဖြစ်ဖြစ် အန်တီတို့က စဉ်းစားထားတဲ့ သူတွေ မဟုတ်ပါဘူး။ အန်တီတို့က တိုင်းပြည်အတွက် အမ(ဒေါ်အောင်ဆန်းစုကြည်)ပြောသလိုပေါ့။ ကိုယ်ဘာပေးနိုင်မလဲပဲ အန်တီတို့ စဉ်းစားပါတယ်။ အန်တီတို့က တိုင်းပြည်ကနေ ဘာရနိုင်မလဲဆိုတာ တစ်ခါမှ စဉ်းစားတဲ့စိတ် ကိစ္စ မဟုတ်ပါဘူး။ အဲ့တော့ ဘာကြောင့် ဒီမေးခွန်းကို မေးလဲတောင် မသိဘူး” ဟု ဆိုသည်။

လစ်လပ်နေသည့် သမ္မတနေရာအတွက် ယနေ့ကျင်းပသည့် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့သည်။

ထို့နောက် လက်ရှိ ဒုတိယသမ္မတနှစ်ဦးဖြစ်သော ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူနှင့် ဦးဝင်းမြင့်တို့ သုံးဦးအနက် တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly