တနင်္သာရီတိုင်းအတွင်းမှ ခွင့်ပြုပေးထားသော ဆီအုန်းလုပ်ကွက်အချို့အား ပြန်လည်သိမ်းဆည်းမည်

တနင်္သာရီတိုင်းအတွင်းမှ ခွင့်ပြုပေးထားသော ဆီအုန်းလုပ်ကွက်အချို့အား ပြန်လည်သိမ်းဆည်းမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပြု ထားသည့် ဆီအုန်းလုပ်ကွက်အချို့အား ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ (၅)ခု အား MIC ၏ ခွင့်ပြုချက်ဖြင့် ခွင့်ပြုပေးထားသော်လည်း ကွင်းဆင်းစစ်ဆေးကာ ခွင့်ပြုထားသည့် မြေများထဲမှ ဆီအုန်း စိုက်ပျိုး ရန် မသင့်သည့်မြေများအား ပြန်လည်သိမ်းဆည်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ဆိုသည်။

" သူတို့ ဘယ်လောက်အထိ လုပ်သလဲ။ နောက်တစ်ခါ သူတို့ပေးထား တဲ့ ဧရိယာ အားလုံးကိုဆက်ပြီး ခွင့်ပြုသင့် သလား။ ဒါမှမဟုတ်လည်း တစ်ချို့တဝက်ကို ပြန်သိမ်းသင့်သလား ဆိုတာလေးကို ကွင်းဆင်းပြီးတော့မှစစ်ဆေး ဆောင်ရွက်ခဲ့ပါတယ်။ ခြုံပြောရရင်တော့ ၅ ခုစလုံးက ပြန်သိမ်းရမယ့် ဧကတွေ ရှိပါတယ်" ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

အဆိုပါကုမ္ပဏီများအား MIC အဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီ ဦးဆောင်တဲ့ အဖွဲ့နဲ့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း မတ်လ ၂၂ ရက်က ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်နိုင်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်နိုင်ဦးက " သစ်ကြီးဝါးကြီးတွေ ရှိနေတယ်။ သစ်ကောင်း၊ ဝါးကောင်းတွေ ရှိနေတဲ့ မြေမျိုးတွေကို ကျွန်တော်တို့က ဆီအုန်းစိုက်လိုက်ရင် အကျိုးမရှိဘူး။ အကျိုးရှိတာထက် အကျိုးယုတ်တာ များတယ်။  ဒါကြောင့်မို့လို့ သစ်တောပေါက်တဲ့နေရာမျိုးတွေ ပြန်သိမ်းဖို့ ဆုံးဖြတ်ပါတယ်။ ဒါကြောင့်မို့လို့ ဆီအုန်းစိုက်ပျိုးရန် မသင့်တဲ့မြေ၊ ခွင့်ပြုထားတဲ့ မြေထဲကမှ ဆီအုန်းစိုက်ပျိုးဖို့ မသင့်တော်ဘူး ဆိုတဲ့မြေတွေကို ပြန်သိမ်းဖို့ ဆုံးဖြတ်ပါတယ်" ဟု ဆိုသည်။

လက်ရှိခွင့်ပြုထားသည့် ကုမ္ပဏီ (၅)ခုစလုံးတွင် ပြန်လည်သိမ်းဆည်းခံမည့် မြေများပါဝင်နေပြီးမြေများပြန်လည် သိမ်းဆည်းရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၊ စီးပွားရေးကော်မတီများသို့ အတည်ပြု ချက်ရယူပြီးဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly