၂၀၁၇ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

၂၀၁၇ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

ရန်ကုန် ၊ မတ် ၂၃ ။            ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ မတ်လ ၂၃ ရက်နေ့ တွင် မရမ်းကုန်း  မြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာအီးဗန့်ပတ်ခ်(MEP)တွင်   ပြုလုပ်မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအကယ်ဒမီပေးပွဲသို့ တက်ရောက်ပြီး အမှာစကားပြောဆိုမည်ဟု အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

ယခုနှစ် ကျင်းပသည့် မြန်မာ့ရုပ်ရှင်ဆုပေးပွဲအား ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး ယခုနှစ်တွင် ထပ်တိုးချီးမြှင့်မည့် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကို   ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

ယခုနှစ် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ဆုပေးပွဲအား ထူးချွန်ဆု ၁၃ ဆုထိ ချီးမြှင့်နိုင်ရန် ရည်မှန်းထားကာ အထူးဆု ၊ တစ်သက်တာ ရုပ်ရှင် ထူးချွန်ဆု ထပ်တိုးချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါ တစ်သက်တာထူးချွန်ဆု ရရှိသူအား Forever Group မှ လစဉ် ငွေကျပ် ငါးသိန်းနှုန်းဖြင့် တစ်သက်တာ လုံး ထောက်ပံ့သွားမည် ဖြစ်သည်။

ယမန်နှစ်က ကျင်းပသည့် ၂၀၁၆ အကယ်ဒမီထူးချွန်ဆုပေးပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆုပေးပွဲသို့  သဝဏ်လွှာသာ ပေးပို့ခဲ့သည်။

ယခုနှစ်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် မြန်မာရုပ်ရှင်ဇာတ်ကားပေါင်း ၅၃ ကား ရှိပြီး ထပ်တိုး ချီးမြှင့်မည့် အထူးဆုသည် ကလေးသရုပ်ဆောင် အတွက်တင် မဟုတ်ဘဲ ထူးခြားမှုများ အတွက် အထူးဆု ပေးအပ်ချီးမြှင့်မည်ဖြစ်ကာ အသက် ၈၅ နှစ်နှင့်အထက် ရုပ်ရှင်အနုပညာသည်များအား တစ်သက်တာထူးချွန်ဆု ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။

ယခုနှစ်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် မြန်မာရုပ်ရှင်ဇာတ်ကားပေါင်း ၅၃ ကားကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်ရေးအဖွဲ့မှ နှစ်လခန့်အချိန်ယူကြည့်ရှုအကဲဖြတ်ခဲ့ကြကြောင်း သိရသည်။

 ၂ဝ၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကိုတော့ ပြည်သူ့ရင်ပြင်မှာ ယမန်နှစ်က ပြုလုပ်ခဲ့ပြီး အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ကားဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံး ရုပ်ရှင်အသံဆု၊အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံ နှင့် ရုပ်ရှင်အထူးဆု တို့ကို ချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly