အရွေ့ကို ရွေ့အောင် ရွှေ့ခြင်း

အရွေ့ကို ရွေ့အောင် ရွှေ့ခြင်း

နိုင်ငံရေးအနေအထားများမှာ ချိန်ကိုက်ပြောင်းလဲနေသည်ဟု ပြောလျင်လည်းရသည် ။ လုပ်ရိုးလုပ်စဉ်လုပ်နေ တာဟုလည်း ပြောလျင်ရသည်။ဘာပဲဖြစ်ဖြစ် အစိုးရတစ်ရပ်ပဲဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခုခုပဲဖြစ်ဖြစ် လိုအပ်လာ လျင်ပြောင်းလဲကြတာ သဘာဝပင်ဖြစ်သည် ။ ပကတိအရှိတရားအခြေအနေကို မျက်ကွယ်ပြုကာ ပြောင်းလဲပြု ပြင်ခြင်းမရှိသော ပုံသေကားကျ အဖွဲ့အစည်းတချို့ နှင့် အာဏာရှင်အစိုးရတော်တော်များများ၏ ဆောင်ရွက် ချက်များသည် တိုင်းပြည်အတွက်အန္တရယ်သာဖြစ်သည်ကို အတွေ့အကြုံများမှ သင်ခန်းစာများကို ပြည်သူများ လည်း ခံစားပြီးဖြစ်ပေသည် ။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ NLD အစိုးရတစ်ဖြစ်လည်း ၇၅ ရာခိုင်နှုန်း အရပ်သားအစိုးရ၏ မကြာသေးခင်က အသေးစား ဝန်ကြီးအပြောင်းအလဲများပြုလုပ်ပြီး ယခုတွင်မူ နိုင်ငံတော် သမ္မတအဆင့်အထိပါ ပြောင်းမှုပြုလုပ်လာသည်ကိုတွေ့ရသည် ။ ထိုသို့ပြောင်းလဲမှုသည် NLD ၏ ငါးနှစ်တာ သက်တမ်းအတွင်း အရှိန်မရသေးသည့် တိုင်းပြည်၏အရွေ့ကို အရှိန်ဖြင့် တွန်းတင်နိုင်ရန် ရည်ရွယ်ပုံရသည်ဟု ဆိုချင်ပါသည် ။

ဆိုချင်ပါသည်ဟုဆိုရခြင်းမှာ ၂၀၁၅ မှ စ၍ နိုင်ငံတော်သမ္မတရွေးချယ်ခန့်အပ်ပြီးနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဆိုတာပေါ်လာသည် ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွေးကောက်ပွဲကတိအတိုင်း (၁)တရားဥပဒေစိုးမိုးရေး ၊(၂)ပြည်တွင်းငြိမ်းချမ်းရေး ၊ (၃)အခြေခံဥပဒေပြင်ဆင်ရေး တို့ကို ဦးစားပေး ဆောင်ရွက်တာကိုတွေ့ရသည် ။ ပထမအချက်တရားဥပဒေစိုးမိုးရေးကို အခြေခံရဲစခန်းတွေကအစ တရားရုံး တွေအဆုံး ပြည်ထဲရေးဝန်ကြီးဌာနတစ်ခုလုံး ကိုစည်းရုံး၍လုပ်တာကိုတွေ့ရသည် ။ သို့သော်လည်း မုဒိမ်းမှုအပါ အဝင် မူးယစ်ဆေးဝါးအမှု နှင့် အခြားရာဇဝတ်အမှုတွေလျော့မသွားဘဲများလာတာကိုတွေ့ရသည် ။ တရားဥပဒေ စိုးမိုးရေးဟူသည် ပြစ်မှုမဖြစ်ခင်ကြိုတင်တားဆီးနိုင်ရေးနှင့် ထိရောက်သည့် ကာကွယ်မှုများကို ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်သည် ။ ထို့ကြောင့်  အရင်ခေတ်ကလို ကျီးလန့်စာစားပြည်သူများမဟုတ်စေကာမူ အနှောင့်အယှက်တချို့ကြောင့် ဒီထက်ပိုမိုကောင်းမွန်အောင် မလုပ်နိုင်ဟု ပြည်သူများကမြင်ကြသည် ။ အနှာင့်အယှက်ဟုဆိုရာတွင် အထက်နဲ့ အောက်ခြေ အဟတ်ကွာမှု ၊ ဟာမိုနီမဖြစ်မှု နှင့်အချို့ကိစ္စရပ်များ ကြောင့်ဟု ဆိုလိုချင်ပါသည် ။ 

NLD အာဏာရလာပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၁ ရာစုပင်လုံကိုကျင်းပဘို့ အသံပြုရင်း ဒီနေ့အထိလည်း တစိုက်မတ်မတ်ပြုလုပ်နေတုန်းပင်ဖြစ်သည် ။ အောင်မြင်မှုကတော့ တချိန်ချိန်တွင်သေချာ ပေါက်ရမည်မှာမလွဲဆိုတာကို ဒေါ်စုပြောတဲ့စကား အနှစ် ၂၀ - ၃၀ စာလုပ်နေတာ ၂ လ ၃လ အတွက်လုပ် နေတာမဟုတ်ဆိုသည် ကသက်သေပြနေသည် ။ တချိန်တည်းတွင်လည်း အခြေခံဥပဒေပြုပြင်ရေးကိုလည်း လုပ်သည် ။ ပြည်သူတွေသန်းနဲ့ချီပြီးလက်မှတ်ရေးထိုးကြသည်။ လွှတ်တော်တွင်လည်း ဆွေးနွေးသည် ၊ သို့သော် ထင်မြင်ထားသည့်အတိုင်းပင် လွှတ်တော်၏အခုအခံများကြောင့် မှတ်တမ်းအဖြစ် အမာရွတ်ပဲ ထင်ကျန်ရစ်သည် ၊ ၂ နှစ်ကျော်သာကြာသွားသည် ၊ မအောင်မြင် ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏  အိပ်မက်မှာလည်း လုပ်သလောက်မဖြစ် ။ ထို့ကြောင့် သီအိုရီအရ Paradigm ပြောင်းရမည် ။လက်ကျန်ကာလ တွင် ပြောင်းလဲရေးလုပ်ကိုလုပ်ရတော့မည် ။  နိုင်ငံတော် သမ္မတကြီးမှာလည်း ကျန်းမာရေးသိပ်မကောင်းလှ ၊ သူတာဝန်ထမ်းဆောင်ချိန်တွင် နာမည်ကောင်းရသည် ၊ ပြည်သူလူထုကချစ်သည် ၊ လေးစားသည် ။ သမ္မတအဖြစ်ကနေနုတ်ထွက်ချိန်၌ ပြည်သူလူထု၏ ဂရုဏာသက်မှုကိုလည်းခံရသည် ။မြန်မာ့သမိုင်းတွင် သမ္မတကောင်းတစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားသည် ။

သမ္မတကိုအစားထိုးရန်အတွက်လည်း နဂိုကတည်းက ဇယားချထားသည့် အခင်းအကျင်းတိုင်းပင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက သူ၏နေရာမှ နုတ်ထွက်လိုက်သည် ။ ရုံးဖွင့်ရက်များတွင် အခြေခံဥပဒေပါပြဋ္ဌာန်းချက် အတိုင်း ရွေးချယ်တင်မြှောက်ရုံသာရှိတော့သည် ။ ထိုအခင်းအကျင်းနှင့် ဇယားရွှေ့ခြင်းတွေကို ဦးဆောင်လုပ် သည်မှာ ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည်ဆိုတာကို မပြောဘဲနှင့် အားလုံးကသိကြသည် ။ ဒေါ်အောင်ဆန်းစုကြည် လုပ်လျင် အားလုံးကသဘောတူကြသည် ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသိမှု ရေချိန်သည် ဟံသာဝတီသတင်းစာဆရာကြီးဦးဝင်းတင် ထောင်ထဲတွင် တစ်ချိန်က ပြောသလိုပင် ဘယ်သူမှ လိုက်မမီတဲ့အမျိုးသမီးဖြစ်လို့ ကူညီဖို့လိုအပ်လို့ ဒီအမျိုးသမီးကို ကူညီနေတာဟု ဆိုသလိုပင်ဖြစ်တော့သည် ။

ပြောင်းလဲခြင်းအနေအထားကိုကြည့်လျင် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုစဉ်းစားရာ အပျော့ထည်နေရာမှာ အမာထည်ကို အစားထိုးတာပဲဖြစ်သည် ။ခေတ်စကားနှင့်ပြောရလျင် နေရာလဲကစားသည်ဟုပြောလျင် ရနိုင် သည် ။ လောလောဆယ် ပွဲပြင်ပတွင် အတွေ့အကြုံရှိကစားသမားရှားနေ၏ ၊ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ အားလုံးညီညီညွတ်ညွတ်နေကြ ၊ စိန်ခေါ်မှုတွေများတယ် ဆိုတာနှင့်ပင် အားလုံးခြုံငုံတွက်ကြည့် လျင် အလွယ်တကူပင်အဖြေရနိုင်သော ပုစ္ဆာဖြစ်နေသည် ။

လွန်ခဲ့သော လများအတွင်း ၊ ရက်များအတွင်းက တစ်ပြေးနေသည့် သမ္မတအသစ်မှာ သက်ဆိုင်ရာနိုင်ငံတွင်း တာဝန်ရှိအမတ်များကို သတိပေးထားချက်များ ၊ တရားသူကြီးများကို သတိပေးထားချက်များ စသည့် တိုင်းပြည် တိုးတက်စေရန် တွန်းထိုးနိုင်မည့် ရည်ရွယ်ချက်များကို တွေ့မြင်ရသည် ။ လုပ်ပိုင်ခွင့်ရလျင် လုပ်ပိုင်ခွင့်အတိုင်း နေ့မအိပ် ညမအိပ် သေရင်သေပလေ့စေ စိတ်ဓာတ်နှင့် လုပ်မှ မြန်မာနိုင်ငံတွင်ဖြစ်မည်ဟု ယုံကြည်သူဟု ယူဆ စရာရှိသည် ။ရခိုင်ပြည်နယ်ကိစ္စ ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ၊ တရားဥပဒေစိုးမိုးမှုကိစ္စ တွေက ထိပ်ဆုံးမှ နေရာယူပြီး ကျန်သည့်နိုင်ငံ့အရေးကိစ္စဟူဟူသမျှ ရွေ့ကိုရွေ့မှ ဖြစ်တော့မည်ကို နားလည်သည့်အတွက် ထိုသို့သော အခင်းအကျင်းသစ်ဖြစ်လာသည်ဟု ဆိုရပေမည် ။

မြန်မာပြည်သူလူထုမှာ ၂၀၁၅ မဲပေးပြီးနောက်ပိုင်းတွင် လုံးဝကိုပြောင်းလဲလိမ့်မည်ဟု မျက်စိမှိတ် ယူဆ ယုံကြည်နေကြသည် ။ နှစ်ပေါင်း ၃၀ လောက်ပျက်စီးခဲ့သောတိုင်းပြည်နှင့် အထိအခိုက်မခံသည့် အခြေအနေ ဆိုတာကို မသိသလိုဖြစ်နေသည် ။ ဘာပဲဖြစ်ဖြစ် အစိုးရတွင် တာဝန်လုံးလုံးရှိနေသည်မဟုတ်ပါလော ။ ထို့ကြောင့်ပင် ရွေ့ကိုရွေ့ရမည် ။ ရွေ့အောင်ရွှေ့မှ ရတော့မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည် ။  ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly