မတ်လ ၂၂ ။ ။ လာမည့် သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းအား အွန်လိုင်း(Online)မှ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ် ရေးထိုးအတည်ပြုခဲ့သော မြန်မာကုမ္ပဏီများအက်ဥပဒေသစ်သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက် နေ့၌ စတင်ကျင့်သုံးမည်ဖြစ်ရာ ကုမ္ပဏီဥပဒေသစ်အရ ယင်းသို့ ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။
"ကုမ္ပဏီဥပဒေသစ်စပြီးတော့ သက်ဝင်တဲ့အချိန်မှာ ကုမ္ပဏီမှတ်ပုံတင်တဲ့လုပ်ငန်းအားလုံးကို အွန်လိုင်းနဲ့၊ မိမိနေအိမ်၊ မိမိရုံးခန်း၊ မိမိရှိရာနေရာကနေပြီးတော့ အွန်လိုင်းကနေပြီး ကုမ္ပဏီမှတ်ပုံတင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်" ဟု ရင်းနှီးမြှုုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။
ယခင်က ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီမှတ်ပုံတင် လာရောက်ပြုလုပ်ရပြီး တိုင်းနှင့်ပြည်နယ်ရုံးခွဲများတွင် ဆောင်ရွက်ခဲ့ပြုခဲ့သည်။ ယင်းနောက် ကုမ္ပဏီဥပဒေသစ်မှာ စတင်သက်ဝင်မည့် သြဂုတ်လမှစတင်၍ အွန်လိုင်းမှတဆင့် မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်မည် ဖြစ်သည်။
ထို့ပြင် ဥပဒေဟောင်းအရ ကုမ္ပဏီထူထောင်ရာတွင် လိုအပ်သည့် သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ စသည့် စာရွက်စာတမ်း (၂)ခုမလိုအပ်တော့ဘဲ စာရွက်စာတမ်းနှစ်ခုအား ပေါင်းပြီး ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းသာ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက် တွင် ဒေါင်းလုတ်ဆွဲကာ အသုံးပြုခြင်း (သို့) ကုမ္ပဏီမှ မိမိ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအားရေးဆွဲ အသုံးပြုနိုင် မည် ဖြစ်ကြောင်း သိရသည်။
အလားတူ ယခင်က မှတ်ပုံတင်မှတ်တင်ကြေးအဖြစ် ၅ သိန်း သတ်မှတ်ကောက်ခံလျက်ရှိရာမှာ ဧပြီလ ၁ ရက် မှ စတင်ကာ ထက်ဝက်လျှော့ချပြီး ကျပ် ၂ သိန်းခွဲသာကောက်ခံတော့မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ ကြေညာချက်ထုတ်ပြန်ထားသည်။