လက်ရှိ ဘဏ္ဍာနှစ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက်ထက် ကန်ဒေါ်လာ ၁၁၅ သန်းကျော် ပိုမိုခွင့်ပြုထား

လက်ရှိ ဘဏ္ဍာနှစ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက်ထက် ကန်ဒေါ်လာ ၁၁၅ သန်းကျော် ပိုမိုခွင့်ပြုထား

 

မတ်လ ၂၂ ။         ။ လက်ရှိ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမဏအား လျာထားချက်ထက် အမေရိကန် ဒေါ်လာ ၁၁၅ သန်းကျော် ပိုမိုခွင့်ပြုထားနိုင်ခဲ့ကြောင်း   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံဖြစ်ပြီး ယခုမတ်လ တတိယပတ်အထိ ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၁၅ ဘီလီယံဖြစ်ကြောင်း မတ်လ ၂၂ ရက်ကရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

"ရင်းနှီးမြှုပ်နံှမှုတိုးတာတွေ၊ တိုင်းဒေသကြီး/ပြည်နယ်တွေက ခွင့်ပြုတာတွေ၊ နောက်တခါသီလဝါ အားလုံးပေါင်း လိုက်ရင် စုစုပေါင်းခွင့်ပြုလိုက်တဲ့ပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း  ၆၁၁၅ ဒသမ ၄၇၆ ဖြစ်ပါတယ်။ တနည်းအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၁၅ သန်းဘီလီယံဖြစ်ပါတယ်။ ၂၀၁၇-၁၈ ဒီဘဏ္ဍာရေးနှစ်ရဲ့ လျာထားချက်က အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ ဖြစ်ပါတယ်။ သန်း ၆၀၀၀ ထက် ၁၁၅ သန်းကျော်ပိုပြီးတော့ လျာထားချက်ကို ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်" ဟု  ဦးအောင်နိုင်ဦးက ဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မေလအထိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂၂၂)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇၆ ဘီလီယံကို ခွင့်ပြု/အတည်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ် နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ ၅ ဒသမ ၇၁၇ဘီလီယံ ဖြစ်သည်။

ယင်းအပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၃၉၈ ဒသမ ၃၈ သန်းခွင့်ပြုခဲ့သဖြင့် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၁၅ ဘီလီယံဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly