လောင်းကစားအား တင်းကျပ်စွာအရေးအရေးယူရေးအဆို ကန့်ကွက်ခံရသော်လည်း အောင်မြင်

လောင်းကစားအား တင်းကျပ်စွာအရေးအရေးယူရေးအဆို ကန့်ကွက်ခံရသော်လည်း အောင်မြင်

 

ပုသိမ်၊ မတ်လ ၂၂ ။            ။ လောင်းကစား တင်းကျပ်စွာ တားဆီးပိတ်ပင်အရေးယူရေးအဆိုအား ဆွေးနွေးသည့် ဓနုဖြူမြို့နယ် တိုင်းကိုယ်စားလှယ်၏ စကားလုံးအသုံးအနှုန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ခဲ့ သော်လည်း အဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၏ အဆိုပြုချက်တွင် သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ အဖွဲ့ ဟု သုံးနှုန်းခဲ့သည့်အပေါ် ယင်းသို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

"လောင်းကစားနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရကို တိုက်တွန်းကြောင်း အဆိုဟာ ကောင်းမွန်တဲ့ အဆိုဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်များက တက်တက်ကြွကြွဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်၊ဒါပေမယ့် ဆွေးနွေးတဲ့အခါမှာ တိုင်းဒေသကြီးလွှတ်တော်ဥပဒေ နည်းဥပဒေများ နှင့် အညီ ဆောင်ရွက်ရမှာဖြစ်ပြီးတော့ သက်ဆိုင်ရာလူပုဂ္ဂိုလ် အဖွဲ့အစည်းကို စွပ်စွဲပြစ်တင်ခြင်းဆိုတဲ့ စကားလုံးတွေအရ ဓနုဖြူမြို့နယ်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း ဆွေးနွေးချက်အရ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာအဖွဲ့ သုံးနှုန်းတဲ့အတွက် ဒီစကားရပ်ကိုပယ်ဖျက်ပေးဖို့နှင့် ကန့်ကွက်ကြောင်းကိုလည်း ကျွန်တော်အနေနဲ့ ထပ်မံတင်ပြလို့ပါတယ်”ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့ ယနေ့ မတ်လ ၂၂ ရက်တွင် တင်ပြကန့်ကွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ရပ်ကွက်၊ ကျေးရွာများတွင် လောင်းကစားဝိုင်းများနှင့် လောင်းကစားဒိုင်များ ကို ဥပဒေန့ှင်အညီ တင်းကျပ်စွာ တားဆီးပိတ်ပင်အရေးယူပေးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုအား ရေကြည်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမျိုးညွန့်က မတ်လ ၁၅ ရက်က  တင်သွင်းခဲ့ခြင်း ဖြစ်သည်။ သည်။

အဆိုပါကန့်ကွက်မှုအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ပြည်ထဲရေးဝန်ကြီးဌာန ပါဝင်နေ သောကြောင့်  ကန့်ကွက်ခြင်းဟု ဓနုဖြူနယ်တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးအောင်နိုင်ထွန်းက ပြောသည်။

“ သူကိုင်တွယ်ရတဲ့ ဌာနတစ်ခုပါလာလို့ ကန့်ကွက်ရတဲ့သဘောပါ၊ လောင်းကစားမှုတွေက ဒီဌာန တွေပဲ ကိုင်တွယ်တာလေ ။ ဒါနဲ့ပတ်သက်တာ ပြည်သူလူထုက အကုန်လုံးသိတာပဲလေ” ဟု အဆိုအား ထောက်ခံဆွေးနွေးခဲ့သည့် ဓနုဖြူနယ်တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးအောင်နိုင်ထွန်းက ပြောသည်။

ယင်းသို့ ကန့်ကွက်ခဲ့သော်လည်း လောင်းကစားဝိုင်းများနှင့် လောင်းကစားဒိုင်များ ကို ဥပဒေန့ှင်အညီ တင်းကျပ်စွာ တားဆီးပိတ်ပင်အရေးယူပေးနိုင်ရေးအဆိုအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က တိုက်တွန်းကြောင်း ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly