ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းမယ်လို့ ဦးတီခွန်မြတ် ကတိပြု

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းမယ်လို့ ဦးတီခွန်မြတ် ကတိပြု
ယနေ့ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် ဦးတီခွန်မြတ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(မတ်လ ၂၂ရက်၊ ၂၀၁၈ခုနှစ်)။ ။ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ပိုမိုရရှိစေရန် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ ကြိုးပမ်းအားထုတ်သွားမည်ဟု ကတိပြုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ဦးတီခွန်မြတ်က ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် နှုတ်ခွန်းဆက်အမှာစကား ပြောကြားလိုက်သည်။

ဦးဝင်းမြင့်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှ ယမန်နေ့က နှုတ်ထွက်သွားပြီးနောက် ယနေ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ရာတွင် ထောက်ခံမဲ ၂၈၀မဲဖြင့် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသူ ဦးတင်ခွန်မြတ်က ၎င်း၏ ကြိုဆို နှုတ်ခွန်းဆက်အမှာစကားတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီတာဝန်ကြီးကို ကျွန်တော့်အနေဖြင့်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အဂတိတရား ကင်းရှင်းစွာဖြင့် မိမိတို့ နိုင်ငံတွင် ဒီမိုကရေစီ အခွင့်အလမ်းများ ပွင့်လန်းလာစေရန် နိုင်ငံသားများရဲ့ အခြေခံ လူ့အခွင့်အရေးများ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်မည်” ဟု အသစ်စက်စက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ဦးတီခွန်မြတ်က ပြောသည်။

နိုင်ငံတွင် ဒီမိုကရေစီ ရှင်သန်ခိုင်မာရန်၊ လူ့အခွင့်အရေးများ မြှင့်တင်နိုင်ရန်နှင့် စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် စသည်တို့ကို အတူတကွ လက်တွဲပူးပေါင်း အကောင်အထည်ဖော်ကြရန်လည်း လွှတ်တော်အမတ်များကို ဦးတီခွန်မြတ်က တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ တွေးခေါ်ကြံဆပုံ လုပ်ကိုင် ဆောင်ရွက်ပုံတွေဟာ ဒီမိုကရေစီ ကျင့်စဉ်များ လူ့အခွင့်အရေးစံနှုန်းများကို ခံစားစံစားလိုကြတဲ့ နိုင်ငံသူ နိုင်ငံသားတွေအတွက် စံနမူနာကောင်းတွေ ဖြစ်စေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်သူ့လွှတ်တော် ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးတီခွန်မြတ်သည် အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကာ ၂၀၁၀နှင့် ၂၀၁၅ရွေးကောက်ပွဲတို့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရလာခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ပါတီနှုတ်ထွက်ကာ တစ်သီးပုဂ္ဂလ အဖြစ် ရပ်တည်နေသူဖြစ်သည်။

ထို့ပြင် ရှေ့နေချုပ်ရုံးတွင် ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည့် အသက် ၆၈နှစ်အရွယ်  ဦးတီခွန်မြတ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

လွှတ်တော်အတွေ့အကြုံရှိသည့် ဦးတီခွန်မြတ်အနေဖြင့် လွှတ်တော်လုပ်ငန်းစဉ်များကို မြန်ဆန်သွက်လက်လာစေရန်နှင့် အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန် ထိန်းကျောင်းနိုင်ရန် ရည်ရွယ်၍ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု အာဏာရပါတီမှ ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

အတိုက်အခံပါတီမှ မင်းကင်းမြို့နယ်အမတ် ဦးမောင်မြင့်ကမူ သူ့အနေဖြင့် ဦးတီခွန်မြတ်အပေါ် ယေဘုယျအားဖြင့် ယုံကြည်ကြောင်း၊ ဦးဝင်းမြင့်လက်ထက်တွင် အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန် ထိန်းကျောင်းရန် ဆန္ဒရှိသော်လည်း လက်တွေ့အကောင်အထည်ဖော်ရန် အားနည်းနေသေးကြောင်း မှတ်ချက်ပြုသည်။

“ဦးဝင်းမြင့်မှာက ဆန္ဒနဲ့ အာသီသတော့ ရှိတယ်။ ဒါပေမယ့် အဲ့ဒါကို တိတိပပ အကောင်အထည် ဖော်ဖို့ကျတော့ အားနည်းနေသေးတယ်လို့ ဒီလိုမြင်တယ်။ လာမယ့် ကာလတွေကျရင်တော့ အဲ့ဒါမျိုး လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု ဦးမောင်မြင့်က လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များကို ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်ကို တင်မြှောက်လိုက်သည့်အတွက် သူ့နေရာတွင် လစ်လပ်သွားသည့် ဒုဥက္ကဋ္ဌ ရာထူးကိုလည်း လက်ရှိ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးထွန်းထွန်းဟိန်ကို လွှတ်တော်က တင်မြှောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly