သမ္မတအပြောင်းအလဲသည် နိုင်ငံရေးအခင်းအကျင်းကို ထိရောက်မှုမရှိနိုင်ဟု USDP သုံးသပ်

သမ္မတအပြောင်းအလဲသည် နိုင်ငံရေးအခင်းအကျင်းကို ထိရောက်မှုမရှိနိုင်ဟု USDP သုံးသပ်

ရန်ကုန်၊ မတ် ၂၁ ။                ။ သမ္မတဦးထင်ကျော်ရာထူးမှနုတ်ထွက်သွားခြင်းသည် လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ထိရောက်မှု သိပ် မရှိနိုင်ဘူးဟု ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ပြောဆိုလိုက်သည်။

“ ဒီနိုင်ငံရေးအခင်း အကျင်းမှာလည်း Key Player ကသမ္မတကြီးမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတာကို ဆိုတော့ သမ္မကြီးအနားယူတာက နိုင်ငံရေးအခင်းအကျင်းမှာတော့ ထိရောက်မှု သိပ်မရှိလောက်ဘူးလို့ ဒီလိုပဲ ရိုးရိုးသားသားနားလည်တယ်လေ ” ဟု ၎င်းကပြောသည်။

လက်ရှိအစိုးရကိုဦးဆောင်နေသူမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သောကြောင့် နိုင်ငံတော် သမ္မတအပြောင်းအလဲသည် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ထိရောက်မှု မရှိနိုင်ဟု ပြောရခြင်းဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

“ သမ္မတကြီးနေရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချရတဲ့ သူ့အပေါ်မှာ သစ္စာရှိတဲ့သူမျိုးကိုပဲ ဆက်လက်ရွေးချယ် တာဝန်ပေးအပ်လိုက်မယ်လို့ ဒီလိုပဲမြင်ပါတယ်။   ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်၊ လက်ရှိ NLD အစိုးရပြန်လည်ရွေးချယ်မယ့်သမ္မတဟာ ဦးထင်ကျော်လိုပုဂ္ဂိုလ်မျိုးပဲ လာလိမ့်မယ်လို့မြင်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ရာထူးမှ အနားယူလို၍ မတ်လ ၂၁ ရက်မှစတင်ကာ နုတ်ထွက်လိုက် ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ကြေညာခဲ့ခြင်းဖြစ်ပြီး နောက်တက်မည့်သမ္မတအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ ဦးဝင်းမြင့်ကို တင်မြှောက်မည်ဟု ပြောဆိုသံများထွက်ပေါ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly