လူ ၈ ဦးသေဆုံးခဲ့သော အမြန်လမ်းကားမီးလောင်မှု ယာဉ်မောင်းအား အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်

လူ ၈ ဦးသေဆုံးခဲ့သော အမြန်လမ်းကားမီးလောင်မှု ယာဉ်မောင်းအား အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်

ရန်ကုန်၊ မတ်လ ၂၁ ။           ။ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ ၄ မိုင် ၂ ဖာလုံတွင် ဖြစ်ပွားခဲ့သည့် ကားမီးလောင်ပြီး လူ ၈ ဦး သေဆုံးမှု နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်အားအလုပ်နှင့် ထောင်ဒဏ် ၁၂ ကျခံစေ ရန် ယနေ့ မတ်လ ၂၁ ရက်၊ လှည်းကူးမြို့နယ်တရားရုံးသူကြီးက အမိန့်ချမှတ်လိုက်သည်။

အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်အား ပေါ့လျော့စွာ ယာဉ်မောင်းနှင်မှုကြောင့် လူသေစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝ၄(က)အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်၊ မီးကိုပေါ့လျော့စွာအသုံးပြုသဖြင့် မီးလောင်ကျွမ်းမှု ပုဒ်မ- ၂၈၅ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာတွင် ယာဉ်ကို မဆင်မခြင်မောင်းနှင်မှု ပုဒ်မ- ၂၇၉ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ကို သီးခြားစီကျခံစေရန် အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

လှည်းကူးမြို့နယ်တရားသူကြီး ဒေါ်နံ့သာနွေးနွေးဝင်းက အပြီးသတ်အမိန့်ချရာတွင် ယာဉ်မောင်းအောင်ခန့်မှာ ယာဉ်မောင်းအတတ်ပညာကို စနစ်တကျသင်ယူခဲ့ခြင်းမရှိခြင်း၊ ၁ နှစ်ခန့်သာ ယာဉ်မောင်းနှင်ဖူးသည့်အတွေ့အကြုံရှိခြင်း၊ အလူမီနီယံဘောင်အား အကွာအဝေး ၉၁ ပေခန့်ထိ ပွတ်တိုက်မိအောင် ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့ခြင်း၊ လူ ၈ ဦးအရှင်လတ်လတ်မီးလောင်သေဆုံးခဲ့ခြင်း၊ ယခုကဲ့သို့ယာဉ်ပေါ်ပါလာသူများသာမက အများပြည်သူ အခြားခရီးသွားများလည်း အန္တရာယ်ကျရောက်စေနိုင်ကြောင်း ပြစ်မှုထင်ရှားသည့်အတွက် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားခွင်အတွင်း ပြောကြားခဲ့သည်။

အဆိုပါ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်အား လှည်းကူးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၄(က)၊ ၂၈၅၊ ၂၇၉ စသည့် ပုဒ်မ ၃ ခုဖြင့် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်စွဲချက်တင်အမိန့်ချခဲ့ကာ စစ်ဆေးခဲ့ပြီး ယနေ့ မတ်လ ၂၁ ရက်တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ လူ ၈ ဦးထိသေဆုံးခဲ့သည့် ကားမီးလောင်မှုမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့် ဟိုက်အေ့စ် ကိုယ်ပိုင်ယာဉ်မှာ ပုဂံဘုရားဖူးပြီးအပြန် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် အမြန်လမ်း၊ ၄ မိုင် ၂ ဖာလုံတွင် လမ်းလယ်ရှိ အလူမီနီယံပေါင်အား တိုက်မိကာ ကားမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကားမီးလောင်မှုကြောင့် အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၁ ဦး၊ စုစုပေါင်း ၈ ဦးသေဆုံးခဲ့ပြီး လက်ရှိ အမှုရင်ဆိုင် နေရသော ယာဉ်အားမောင်းနှင်ခဲ့သူ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်ဆိုသူ တစ်ယောက်သာ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

" အစ်မတို့က အခုလိုအမိန့်ချတာကို မကျေနပ်ဘူး။ မုဒိမ်းမှုလည်း မဟုတ်ဘူး။ ဆေးမှု၊ ခိုးမှုလည်း မဟုတ်ဘဲနဲ့ ပုဒ်မသုံးလုံးကို အမြင့်ဆုံးပြစ်ဒဏ်ချလိုက်တယ်။ ဒါကြောင့်မကျေနပ်တာ။ အယူခံတက်၊ မတက်ကတော့ အစ်မတို့ရှေ့နေနဲ့တိုင်ပင်ဦးမယ်" ဟု အောင်ခန့်၏ အမဖြစ်သူကပြောသည်။

အဆိုပါ အမှုကို တစ်နှစ်ကျော်ကြာစစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ အပြီးသတ်အမိန့် ချမှတ်ခဲ့ခြင်းလည်းဖြစ် သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly