YSX တွင် ရှယ်ယာအရောင်းအဝယ်ပြုလုပ်သည့် Matching Time အား တစ်နေ့လေးကြိမ် ပြောင်းလဲမည်

YSX တွင် ရှယ်ယာအရောင်းအဝယ်ပြုလုပ်သည့် Matching Time အား တစ်နေ့လေးကြိမ် ပြောင်းလဲမည်

ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် ရင်းနှီးမြှုပ်နှံသူအရေအတွက် ပိုမိုတိုးတက်များပြား လာစေရန်နှင့် ဈေးကွက်ပိုမို သွက်လက်လာစေရန်အတွက် ရှယ်ယာအရောင်းအဝယ်ပြုလုပ်သည့် Matching Time (အရောင်း အဝယ်ပြုလုပ်သည့်ကြိမ်ရေ)ကို တစ်နေ့ နှစ်ကြိမ်အစား လေးကြိမ်သို့ ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

မတ်လ ၂၀ ရက်က ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယနှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားပြုလုပ်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်စတော့အိတ်ချိန်း၏ ဈေးကွက်ဌာန အကြီးတန်း မန်နေဂျာဦးမင်းသူက ပြောကြားခဲ့ခြင်းဖြစ်သည်။

"ရန်ကုန်စတော့အိတ်ချိန်းမှာ အရောင်းအဝယ်ပြုလုပ်တဲ့ ကြိမ်ရေ (၄)ကြိမ် တိုးမြှင့်နိုင်ဖို့ မတ်လ ၁၂ ရက်က ပြုလုပ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းရဲ့  ဒါရိုက်တာအစည်းအဝေးကနေ အတည်ပြုဆုံးဖြတ်ခဲ့တာပါ။ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရဲ့ အတည်ပြုချက်ရရှိတာနဲ့ စတင်ဆောင်ရွက် သွားမှာပါ"ဟု ဦးမင်းသူက ဆိုသည်။

လက်ရှိ ရှယ်ယာအရောင်းအဝယ်များ Matchin Time အဖြစ် နေ့စဉ် နံနက် ၁၁ နာရီနှင့် နေ့လည် ၁ နာရီတွင် ဆောင်ရွက်လျက်ရှိရာမှ နေ့စဉ် နံနက် ၁၀ နာရီ၊ ၁၁ နာရီ၊ ၁၂ နာရီနှင့် နေ့လည် ၁ နာရီများတွင် ဆောင်ရွက်သွားရန် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်ကြီးကြပ်ရေးကော်မရှင်ထံသို့ တင်ပြ ထားခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက " ဈေးကွက်က တစ်ရက်ကို နှစ်ကြိမ်ဆိုတော့ နည်းနည်း အေးတယ်။ ဈေးကလည်းဖြစ်ရင် နှစ်မျိုးပဲဖြစ်တယ်။ မနက် ၁၁ နာရီမှာ တမျိုးဖြစ် မယ်။ ၁ နာရီမှာ တမျိုးဖြစ်မယ်။ တခါတလေကြတော့လည်း မနက် ၁၁ နာရီနဲ့ နေ့ခင်း ၁ နာရီက  တူသွားတာ လည်းရှိမယ်။ မတူတာလည်းရှိတယ်။ အခုကြတော့ Matching Time ၄ မျိုးဖြစ်တဲ့အတွက် ဈေးနှုန်းက ၄ ခုဖြစ် လာနိုင်တယ်။ ဈေးနှုန်း ၄ ခုဆိုတော့ ကာစတန်မာတွေရဲ့ စိတ်ဝင်စားမှုနဲ့ ပိုပြီးတော့ Trading လုပ်ချင်လာမယ်။ Trading ပိုပြီးများလာမယ်လို့ ယူဆတဲ့အတွက် လေးကြိမ်ကို တိုးလိုက်ချင်းဖြစ်ပါတယ်" ဟု ဆိုသည်။

ယင်းသို့ ပြောင်းလဲရန်အတွက် ရန်ကုန်စတော့အိတ်ချိန်း၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Japan Exchange Group (JPX)၊  Daiwa Institute of Research (DIR) တို့နှင့် စိစစ်မှုများ ပြုလုပ်ခဲ့ပြီး ငွေချေးသက် သေခံလက်မှတ်ကုမ္ပဏီများလည်း အရောင်းအဝယ်ပြုလုပ်သည့် ကြိမ်ရေ (၄)ကြိမ်အား စတင်ဆောင်ရွက်ရန် အသင့်အနေအထားရှိနေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly