သက်ငယ်မုဒိမ်းများကို လွတ်ငြိမ်းချမ်းခွင့်မရှိစေသော ဥပဒဒေပြဋ္ဌာန်းပေးရေးအပါအဝင် အချက် ၆ ချက် WJ တောင်းဆို

သက်ငယ်မုဒိမ်းများကို လွတ်ငြိမ်းချမ်းခွင့်မရှိစေသော ဥပဒဒေပြဋ္ဌာန်းပေးရေးအပါအဝင် အချက် ၆ ချက် WJ တောင်းဆို

ရန်ကုန်၊ မတ်လ ၂ဝ ။           ။ သက်ငယ်မုဒိမ်းကျူးလွန်သူများကို ကြီးလေးသော ပြစ်ဒဏ်ချမှတ်ပေးပါရန်နှင့် ဘယ်သောအခါမှ လွတ်ငြိမ်းချမ်းသာခွင့် မရှိစေသော ဥပဒေပြဋ္ဌာန်းပေးရေး အပါအဝင် အချက် ၆ ချက်အား တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့(WJ) မှ  ထုတ်ပြန်တောင်းဆိုလိုက်သည်။

တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့(WJ) မှ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည် ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ မတ်လ ၂ဝ ရက်နေ့တွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် အစိုးရအား တောင်းဆိုသည့် အချက် ၆ ချက်ကို ထည့်သွင်းဖော်ပြ ထားခြင်းဖြစ်သည်။

အဆိုပါ တောင်းဆိုချက်များမှာ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရအပါအဝင်၊ ပြည်ထဲ ရေးနှင့် အခြားသော သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမျိုးသမီးများ၏ ဘဝလုံခြုံမှုရှိရန်အတွက်  လုံခြုံရေး များတိုးမြှင့်ပေးရန်နှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ အပြည့်အဝကာကွယ်ပေးသော သီးသန့် ဥပဒေ တစ်ရပ် အမြန်ဆုံးဖော်ဆောင်ပေးရန်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် မုဒိမ်းမှုများအား ကျူးလွန်သူ ပြစ်မှုရှိကြောင်း ထင်ရှားပါက ထိရောက်စွာ အရေးယူပေးရန်၊ ဥပဒေစိုးမိုးမှုနှင့် ဥပဒေအသက်ဝင်စေရေးကို အလေးထားဆောင်ရွက်ပေးရန် ပါရှိသည်။

အထူးသဖြင့် သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ကြီးလေးသောပြစ်ဒဏ်ချမှတ်ပေးရန်နှင့် ဘယ်သောအခါမှ လွတ်ငြိမ်းချမ်းသာခွင့် မရှိစေသော ဥပဒေပြဋ္ဌာန်းပေးရန်၊ အမျိုးသမီးများအား ခွဲခြားဖိနှိပ်ထားသော ဥပဒေများ ပြင်ဆင်ဖျက်သိမ်းပေးရန် ထုတ်ပြန်ချက် တွင်ပါရှိ သည်။

ထို့အပြင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသော သူများကို ထိရောက်စွာ အရေးယူရန်နှင့် ငွေကြေးဖြင့် ပြေလည် ခွင့်မရှိစေရေးများကိုလည်း အလေးထားဆောင်ရွက် ဖမ်းဆီးပေးရန်၊ အမျိုးသမီးကဏ္ဍ မြင့်မားတိုးတက် လာ စေရန် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးပါရန် အစိုးရထံ တောင်းဆိုထားသည့် အချက် ၆ ချက်တွင် ပါဝင်သည်။

တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့(WJ)မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြု သောအားဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် စုပေါင်းဦးဆောင်ပြီး ယနေ့ မတ်လ ၂ဝ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ စတင်ကာ လူအင်အား ခန့်မှန်းခြေ ၄ဝဝ ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ငြိမ်းချမ်း စွာစုဝေးခြင်းနှင့် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly